Top News

စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ ခေတ်ကာလနှင့် လျော်ညီသော လျော်ကြေးငွေကိစ္စ တွေ့ဆုံဆွေးနွေးရန် အတွက် လက်ပံတောင်းတောင် ဒေသခံများက လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနှင့် ဝမ်ပေါင်ကုမ္ပဏီထံ စာတင်၍ တောင်းဆို
24htopnews | December 2, 2024 2:12 AM CST

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ဒေသခံများက စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ ခေတ်ကာလနှင့် လျော်ညီသော လျော်ကြေးငွေကိစ္စ တွေ့ဆုံဆွေးနွေးရန် အတွက် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနှင့် ဝမ်ပေါင်ကုမ္ပဏီထံ စာတင်၍ တောင်းဆိုခဲ့ကြောင်း သိရသည်။

မတ် ၁၆ ရက်က ဆားလင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် လက်ပံ တောင်းတောင်ဒေသခံ ၅၀ နီးပါးက တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များထံ စာတင်၍ တောင်းဆိုခဲ့ကြောင်း၊ ထို့နောက် လက်ပံတောင်းတောင်ဒေသခံ ၅၀ နီးပါးက မြန်မာဝမ်ပေါင် ဆက်ဆံရေးရုံးသို့ သွားရောက်ကာ စာတင်တောင်းဆိုခဲ့ကြောင်း၊ ဒေသခံများ ၏ တင်ပြစာနှင့်ပတ်သက်၍ မြန်မာဝမ်ပေါင် ဆက်ဆံရေးဌာနနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက လက်ခံခဲ့ကြကြောင်း သိရသည်။

“ဒီနေ့လာပြီးတော့ တင်တာကတော့ အချက်သုံးချက်နဲ့ လာတင်တာဖြစ်ပါတယ်။ အစားထိုးမြေဧက ၁၉၀၀ ဖော်ဆောင်ပေးဖို့ ရာ တစ်ချက်ရယ်၊ ပိုလျှံမြေတွေကို တောင်သူ တွေထံ ခွဲပေးရမယ်ဆိုတာတစ်ချက်ရယ်။ နောက်တစ်ခါ လက်ရှိကာလဒေသပေါက်စျေး မဟုတ်ဘဲနဲ့ အန်တီတို့ကို ပေးလျော်ထားတာ က တစ်ဧကမှ ၁၈ သိန်းကို ဒေသခံတွေက လုံးဝလက်မခံတဲ့အတွက် ဒေသရဲ့ ကာလ ပေါက်စျေးကို ပေးပါဆိုတဲ့တစ်ချက်ရယ် အဲဒီ ကိစ္စတွေကိုလာတင်တာပါ။ ပိုလျှံမြေတွေနဲ့ ပတ်သက်ပြီးတော့ ဒေသခံတွေကို ဝမ်ပေါင် ကုမ္ပဏီက အခုထိမခွဲဝေပေးသေးဘူး။ လွှတ် တော်ကိုယ်စားလှယ်ကလည်း ဒီကိစ္စကို တင် ပြဆွေးနွေးသွားမယ်ပြောတယ်။ ဝမ်ပေါင် ဆက်ဆံရေးရုံးကလည်း ဒီစာနဲ့ ပတ်သက်ပြီး တော့ အထက်အဆင့်ဆင့်ကို ပို့ပေးမယ်ပြော တယ်။ ကျွန်မတို့ကလည်း မြန်မြန်ဆန်ဆန် လေး တွေ့ဆုံပေးဖို့ရာအတွက် ထပ်ပြီးတော့  တောင်းဆိုလိုက်တယ်” ဟု ဆားလင်းကြီးမြို့ နယ်တုံတောကျောင်းကျေးရွာမှ ဒေါ်စန်းနွဲ့က ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာနှင့်ပက်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို မြေပြင်သို့ ကွင်းဆင်းစေချင်ကြောင်း၊ အဆိုပါကြေးနီ စီမံကိန်းသည် ပြည်ထောင်စု၏ စီမံကိန်းဖြစ်ပြီး ပြည်ထောင်စုစီမံကိန်းကို ပြောဆိုနိုင်ခြင်းသည် အခြားလွှတ်တော် ကိုယ်စားလှယ်များထက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကသာ ပြောဆိုနိုင်မည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ဆိုသည်။

“အဓိကတော့ ဝန်ကြီးချုပ်ကို မြေပြင်ဆင်းစေချင်တာ။ အခြားမဟုတ်ဘူးလေ။ တကယ် မြေပြင်ပကတိ အနေအထားက ဒီစီမံကိန်းကို ပွင့်ပွင့်လင်းလင်း ပြောရရင် ပြည်ထောင်စုကနေ ခွင့်ပြုတာ။ ပြည်ထောင်စုရဲ့ စီမံကိန်း တစ်ခုဖြစ်တယ်။ ပြည်ထောင်စုစီမံကိန်းကို ပြောနိုင်တာက ကျန်တဲ့လွှတ်တော် ကိုယ်စားလှယ်နဲ့ အခြားဝန်ကြီးတွေက မရဘူး။ ကြေးနီစီမံကိန်းကို ဝန်ကြီးချုပ်တစ်ယောက်ပဲ ပြောနိုင်တာ။ ဝန်ကြီးချုပ်က ပြည်ထောင်စု ကက်ဘိနက်ရဲ့ အဖွဲ့ဝင်လေ။ သူက ကက်ဘိနက်မှာ အလိုလို ပြောလို့ရတယ်။ မြေပြင်ကို ကွင်းဆင်းပြီးတော့ မြေပြင်ရဲ့ အခြေအနေကို သူ့အနေနဲ့ သိပြီးတော့ ကက်ဘိနက်မှာ ပြောလိုက်ရင် ချက်ချင်းပြေလည်နိုင်တဲ့ ကိစ္စပါ” ဟု ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ စာထဲတွင် စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းမှ ဒေသခံများ ပိုင်ဆိုင်သည့် လယ်ယာမြေ ၆၂၅၃ ဒသမ ၀၄ ဧကတို့အား ကြေးနီထုတ်လုပ်ရန်အတွက် သိမ်းဆည်းရယူခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ် လန ၃၉ အရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ဒေသခံများ ပိုင်ဆိုင် သည့် လယ်ယာမြေ ၇၈၆၇ ဒသမ ၇၈ ဧကအား ကြေးနီထုတ်လုပ်ရန် အတွက် ရယူခဲ့ကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်းထဲရှိ မြေယာအချို့သည် မြေယာလျော်ကြေး ထုတ်ယူခြင်း မရှိသေးသည့် တောင်သူ အများအပြားသည် ယနေ့အထိ ကျန်ရှိနေသေးကြောင်း သိရသည်။  

 


READ NEXT
Cancel OK