Top News

အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်လာခြင်းသည် ပါတီကတာဝန်ပေးခြင်းဖြစ်ပြီး အာဏာပေးခြင်း မဟုတ်ဘဲ တင်ဒါညွှန်ကြားချက်အတိုင်း လိုက်နာကျင့်သုံးမည်ဆိုပါက မည်သို့မျှဖြစ်မည်မဟုတ်ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား
24htopnews | December 2, 2024 2:12 AM CST

အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဖြစ်လာခြင်းသည်  ပါတီကတာဝန်ပေးခြင်းဖြစ်ပြီး အာဏာပေးခြင်းမဟုတ်ဘဲ တင်ဒါညွှန်ကြားချက်များအတိုင်း လိုက်နာကျင့်သုံးမည်ဆိုပါက မည်သို့မျှဖြစ်မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့် မောင်က ပြောကြားသည်။

မတ် ၁၆ ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ၌ ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးပွဲအပြီးတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူထားမှုနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“နဂိုကတည်းက ကျွန်တော်တို့ မှာပြီးသားပဲဗျ။ အဂတိကင်းစင်တဲ့ အစိုးရတစ်ရပ်ကို ထူထောင်မယ်ဆိုတာ ပြည်ထောင်စုမှာတင် မဟုတ်ပါဘူး။ တိုင်းဒေသကြီးအဆင့်မှာလည်း အဲဒီလို ထူထောင်ဖို့ပါပဲ။ အဲဒီတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူ့ငွေတွေကို အလွဲသုံးစားလုပ်ခဲ့တယ် ဆိုလို့ရှိရင်တော့ အဂတိနဲ့ သွားမှာပဲပေါ့။ ဒါကတော့ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင် နဂိုကတည်းက ရှိပြီးသားမူပါ။ ဒါက အစိုးရအဖွဲ့ ဝင် ဝန်ကြီးဖြစ်လာလို့ရှိရင် ခက်တာက တစ်ခု ခက်တာဆိုတာ မဟုတ်ပါဘူး။ တစ်ခုက ဘာလဲဆိုတော့ ဒါတွေက ပါတီက တာဝန်ပေးတာဗျ။ အာဏာပေးတာ မဟုတ်ဘူး။ အဲဒီတော့ ရှိပြီးသားပဲ။ ၁/၂၀၁၇ အတိုင်း လုပ်ပါ တင်ဒါပါပစ်ရင်။ အကုန်လုံး ညွှန်ကြားချက်တွေ ရှိတယ်။ အဲဒီညွှန်ကြားချက်တွေအတိုင်း လိုက်နာပြီး ကျင့်သုံးမယ်ဆိုရင်တော့ ဘာမှမဖြစ်ဘူးပေါ့” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

အဆိုပါနိုင်ငံတော်သမ္မတရုံး၏ ၁/၂၀၁၇ ညွှန်ကြားချက်တွင်  ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် တင်ဒါလုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ပါဝင်သည်။

ဒေါက်တာဇော်မြင့်မောင်က “အဲဒီတော့ ညွှန်ကြားချက်တွေနဲ့မညီဘူးဆိုရင်တော့ အခုခေတ်က Transparency ခေတ် ပေါ့ဗျာ။ တိုင်ကြားမှာတွေက အများကြီးပဲ။ အဲဒီတော့ ဒီကြားထဲမှာ တိုင်တာကိုလည်း ကျွန်တော်တို့က စိစစ်ပါတယ်။ ကျွန်တော်တို့ အခု ဒီမှာ CEC အစည်းအဝေး လုပ်နေတယ်ဆိုတာက ကျွန်တော်တို့ရဲ့ တိုင်ကြားမှု၊ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့ စိစစ်ပါတယ်။ ပါတီစည်းကမ်းထိန်းသိမ်းရေးကို ဖောက်တာလား။ ဒါမှမဟုတ်လို့ရှိရင် ဒါက အဂတိနဲ့ဆိုင်တဲ့ဟာလား။ လာဘ်ပေးလာဘ်ယူလား။ လာဘ်ပေးလာဘ်ယူဆို ကျွန်တော်တို့မစစ်ဘူး” ဟု ပြောကြားသည်။

ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများသည် ပါတီ၏ ထိန်းသိမ်းမှုအောက်တွင်ရှိပြီး ပါတီ စည်းကမ်းထိန်းသိမ်းရေးနှင့် ပတ်သက်သည့် တိုင်ကြားမှုများကိုသာ စိစစ်ကြောင်း ပါတီ စည်းကမ်းထိန်းသိမ်းရေးနှင့် မသက်ဆိုင်ပါက သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ စစ်ရင် Virus ပါ ဝင်နိုင်တယ်။ အဲဒီတော့ သက်ဆိုင်တဲ့ဟာကို စစ်တယ်။ ပါတီစည်းကမ်းထိန်းသိမ်းရေးနဲ့ပတ်သက်ရင်တော့ ကျွန်တော်တို့ သေချာစစ်တယ်။ အရေးယူတာတွေ ရှိတယ်။ ဆောင်ရွက်စရာတွေရှိတယ်။ အဲဒီတော့ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေဆိုတာကတော့ ဘာပြောပြော ကျွန် တော်တို့ပါတီရဲ့ ထိန်းသိမ်းမှုအောက်မှာ ရှိတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်တာ တိုင်လို့ ရှိရင် စည်းကမ်းထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ရှိရင်တော့ စည်းကမ်းပိုင်းအရ အရေးယူ မယ်။ စည်းကမ်းပိုင်းနဲ့မပတ်သက်ဘူး၊ တိုင်ကြားမှုတွေအားလုံးဟာ သက်ဆိုင်ရာကို ကျွန်တော်တို့က အသီးသီးလွှဲပေးလိုက်ပါမယ်။ ဒါ ကျွန်တော်တို့ ဒီမှာရှိတဲ့ မူပါပဲ” ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အား အဂတိနှင့် အရေးယူပြီးနောက်ပိုင်းတွင် ၎င်းနှင့်ဆက်စပ်ပြီး CEC အဖွဲ့ဝင်ထဲမှ လူတစ်ဦးလည်း ပါဝင်နေကြောင်း တိုင်ကြားမှုများနှင့်ပတ်သက်၍ မေးမြန်းမှုကို “ကျွန် တော်တို့က စည်းကမ်းထိန်းသိမ်းရေးနဲ့မပတ်သက်ရင် CEC က ဘယ်နေရာမှ မပါဘူး။ နောက် ဒါအဂတိနဲ့ဆိုင်တယ်ဆိုရင် အဂတိက သူ့ဘာသူ စစ်လိမ့်မယ်။ သူတို့နဲ့ဆက်စပ်တဲ့ သူတို့က တွေ့ရှိတဲ့ သူတို့ဘာသူလုပ်လိမ့်မယ်။ ကျွန်တော်တို့ပါတီက ဘာလို့လဲဆိုတော့ ပါတီပိုင်းဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကြပ်မတ်တာပါ”ဟု ဒေါက်တာဇော်မြင့်မောင်က ပြန်လည်ဖြေကြားသည်။

ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အနေဖြင့် တရားရုံး၌ ခုခံချေပပိုင်ခွင့်ရှိကြောင်း၊ တရားသူကြီးက ဆုံးဖြတ်ပြီးနောက်ပိုင်းမှ သာ ပါတီစည်းကမ်းထိန်းသိမ်းရေးက ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဒေါက်တာဇော်မြင့်မောင်က “အဂတိက သူ့ဘာသူ ဆုံးဖြတ်လိမ့်မယ်။ နောက်ပြီးတော့ ဒေါ်လဲ့လဲ့မော်မှာ သူ့မှာ ခုခံပိုင်ခွင့် ရှိပါတယ်။ ဒါသူ့ရဲ့ Right ပဲ။ အဲဒီတော့ သူ့ဘာသူ လုပ်ပါလိမ့်မယ်။ အပြစ်ရှိရင် အပြစ်ရှိသလိုပဲ သွားမှာပါပဲ။ ပါတီစည်းကမ်း၊ အခု ခင်ဗျားမေးလိုက်တဲ့ မေးခွန်းနဲ့ပတ်သက်လို့ အခုကျွန်တော်တို့ဆီမှာ ကိုအောင်စိုးနဲ့ပတ်သက်လို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ပတ်သက်လို့ ဘာမှတိုင်စာမရှိဘူး။ အဲဒီတော့ ဒါ ဒီတစ်ချက်တော့ ကျွန်တော် ပြောနိုင်ပါတယ်” ဟု ပြောကြားသည်။

 

 


READ NEXT
Cancel OK