Top News

ဆင်းရဲနွမ်းပါးမှုနှင့် မညီမျှမှုများ ဖြေရှင်းရန်အတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အင်အားကို အသုံးပြုမည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား
24htopnews | December 2, 2024 2:12 AM CST

ဆင်းရဲနွမ်းပါးမှုနှင့် မညီမျှမှုများ ဖြေရှင်းရန်အတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အင်အားကို အသုံးပြုသွားမည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက မတ် ၁၆ ရက်တွင် ပြုလုပ်သည့် ချင်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲတွင် ပြောကြားခဲ့သည်။

“ဆင်းရဲနွမ်းပါးမှုနဲ့ မညီမျှမှုတွေရဲ့ အဓိကစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့အတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအင်အားကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အစိုးရ အနေနဲ့ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးမှုရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ အလုပ်အကိုင် ဖန်တီးရေးနဲ့ ပုဂ္ဂလိကဦးဆောင်တဲ့ ဖွံ့ဖြိုးရေးကို ရရှိစေဖို့အတွက် စီမံကိန်းဘဏ် (Project Bank) ကနေတစ်ဆင့် ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

ချင်းပြည်နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အခြေခံ အဆောက်အအုံ ဦးစားပေး စီမံကိန်းများ ထုတ်ပြန်ကြေညာရန်အတွက် စီမံကိန်းဘဏ်အား စတင်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း၊ စီမံကိန်း ဘဏ်သည် အစိုးရဘတ်ဂျက် ခွဲဝေဆောင်ရွက်မှုကို ညှိနှိုင်းဆောင်ရွက်ရန်၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေး အထောက်အပံံ့များ လွယ်ကူချောမွေ့စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ စီမံကိန်းဘဏ်သည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan) မဟာဗျူဟာဖြင့် ချိန်ညှိရန် ရည်ရွယ်ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ယခုအချိန်မှာ တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာစေဖို့ တံခါးဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ ဆောင်ရွက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေက အခွင့်အလမ်းတွေကို ဖိတ်ခေါ်လျက် ရှိပါတယ်။ အခြေခံ အဆောက်အအုံ မလုံလောက်တဲ့ စိန်ခေါ်မှုတွေက ရှိနေဆဲဖြစ်ပေမယ့် ဒီစိန်ခေါ်မှုတွေကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက တရုတ်နဲ့ အိန္ဒိယနိုင်ငံ အကြားမှာ ပေါင်းကူးနယ်မြေဒေသ အနေနဲ့ တည်ရှိနေတဲ့အပြင် အခြားသော အာဆီယံနိုင်ငံတွေနဲ့ပါ ဆက်သွယ်နိုင်တဲ့ ထူးခြားတဲ့ ပထဝီတည်နေရာ အနေအထားကို ပိုင်ဆိုင်ထားတဲ့အတွက် စီးပွားရေး အခွင့်အလမ်း အများအပြားရှိတဲ့ နိုင်ငံတစ်ခုပဲ ဖြစ်ပါတယ်” ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

 ထို့ပြင် ချင်းပြည်နယ်သည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် သိသာထင်ရှားသည့် စျေးကွက် အလားအလာများကို ဖော်ဆောင်နေကြောင်း၊ မဲခေါင်- အိန္ဒိယ စီးပွားရေး စင်္ကြံန်သည် တိုက်ရိုက်ကုန်သွယ်မှုနှင့် တစ်ဆင့်ခံ ကုန်သွယ်မှုများ ဆောင်ရွက်နိုင်မည့်အပြင် စီးပွားရေးစင်္ကြံ တစ်လျှောက်တွင်ရှိသည့် စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

“ချင်းပြည်နယ်က လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လမ်းဖွင့်ထားတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့ ကွဲပြားခြားနားတဲ့ ပတ်ဝန်းကျင်ကလည်း ရိုးရာရက်ကန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ပြည်သူအခြေပြု ခရီးသွားလုပ်ငန်း၊ ရေအားလျှပ်စစ်နဲ့ အခြေခံ အဆောက်အအုံ စတဲ့အသေးစား လုပ်ငန်းကနေ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းလမ်း ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်” ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

 


READ NEXT
Cancel OK