ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ မတ် ၁၅ ရက် ည ၁၀ နာရီကျော်တွင် နယ်မြေရှင်းလင်းမှု လုပ်ဆောင်ခဲ့သဖြင့် မြို့တွင်းမှ နေအိမ်အချို့အနီး လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကာ မြောက်ဦးမြို့၏ အထင်ကရ နေရာဖြစ်သော ထုက္ကန်သိမ်ဘုရား အနီးတွင်လည်း လက်နက်ကြီးကျည် ကျရောက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ရှင်းလင်းစဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်သံများကိုလည်း ကြားနေရပြီး တိုက်ပွဲဖြစ်ပွားသည်ဟု မြို့ခံအချို့က ယူဆကြောင်း၊ ပစ်ခတ်သည့်နေရာနှင့် အနီးဆုံး ရပ်ကွက်များမှ ဒေသခံများမှာ နေအိမ်များ အောက်တွင် ပုန်းခိုနေခဲ့ကြရကြောင်း ဒေသခံများက ပြောကြားသည်။
“မနေ့ကဖြစ်တာ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူးလို့ ယူဆတယ်။ ဒေသခံတွေကတော့ တိုက်ပွဲဖြစ်တယ်လို့ မပြောပါဘူး။ တပ်မတော်စစ်ကြောင်းက ရှင်းလင်းရေးလုပ်တာနဲ့ တူပါတယ်။ တောတွေ တောင်တွေ အကုန်လုံးကို လျှောက်ပစ်ကြတယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒီနေ့မနက်တွေ့တာက ထမရာဇ်မှာ အမြောက်တစ်လုံးတွေ့တယ်။ နောက်ပြီး ဘောလုံးကွင်းလယ်မှာ တစ်လုံး၊ နောက်ပြီး ထုက္ကန်သိမ်နဲ့ သျှစ်သောင်းကြားထဲမှာ တစ်လုံးတွေ့တယ်။ နောက်ပြီး ကျောက်ရစ်ကယ်က အိမ်တစ်လုံးမှာ ကျည်ဖောက်တဲ့ နေရာတွေ တွေ့ရတယ်။ နောက်တစ်နေရာကတော့ အမျိုးသမီးတစ်ဦး ကျည်ထိပြီး ဆေးရုံတင်လိုက် ရတယ်” ဟု မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။
“ညတုန်းက တဒိုင်းဒိုင်း ပစ်သံတွေ ကြားရတော့ ကျွန်တော့်အိမ်နဲ့ နီးနီးလေးမှာပေါ့။ တောင်ပေါ်ကနေ ပစ်နေတယ်။ လက်နက်ကြီး ပစ်သံတွေကိုလည်း အဆက်မပြတ် ကြားခဲ့ရတဲ့အတွက် ရပ်ကွက်သားတွေအားလုံး နေအိမ်အောက်မှာ ဝပ်နေကြရတယ်။ မနက်မိုးလင်းတော့ သိရတာက AA နဲ့ ဖြစ်တာလို့ ပြောကြတယ်။ တစ်မြို့လုံးလည်း စိုးရိမ်နေကြတယ်။ နေအိမ်တွေမှာ လက်နက်ကြီး ကျတာတွေလည်း ရှိတယ်လို့ သိရတယ်” ဟု မြောက်ဦးမှ ဦးဇော်မြင့်က ပြောကြားသည်။
ပစ်ခတ်မှုများကြောင့် ကြက်စျေး၊ ဆင်ချဆိပ်၊ ရွာဟောင်း၊ ကျောက်ရစ်ကေရပ်ကွက်၊ မင်္ဂလာမာန်အောင် ဘုန်းကြီးကျောင်းတို့တွင် လက်နက်ကြီးကျည် ကျရောက်မှုများ ရှိသကဲ့သို့ ဘုရားပေါ်ရပ်ကွက်မှ နေအိမ်များတွင်လည်း လက်နက်ငယ်များ ကျရောက်ခဲ့ကြောင်း သိရသည်။
ကျောက်ရာဇ်ကေရပ်ကွက်၊ ချောင်းနားစုမှ အမျိုးသမီးတစ်ဦး ညာဘက်ပေါင်တွင် ဒဏ်ရာရပြီး မြောက်ဦးဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ပစ်တာက နေရာလေး-ငါးနေရာမှာ ပစ်ခတ်သံတွေ ကြားရတယ်။ ဘယ်သူ့ကို ဘယ်သူကပစ်တယ် ဆိုတာတော့ ပြောဖို့ခက်တယ်။ ဒါပေမဲ့ အခုလိုမျိုး သမိုင်းဝင် ဘုရားပုထိုးတွေ ပျက်စီးသွားမှာကိုတော့ ဒေသခံတစ်ယောက် အနေနဲ့ သိပ်ပြီးစိုးရိမ်တယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
မြောက်ဦးမြို့မှ ရှေးဟောင်းလက်ရာ တစ်ခုဖြစ်သော အနောက်မြေထဲ စေတီပေါ်သို့ ယမန်နေ့ညက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခြင်းကြောင့် ကျောက်တုံးတချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
ထို့ပြင် မတ် ၁၆ ရက် မွန်းလွဲပိုင်းတွင်လည်း မြောက်ဦးမြို့နယ် မြောက်ဘက်တွင် တိုက်ပွဲဖြစ်ပွားသည်ဟု ယူဆရကြောင်း သိရသည်။
“ဒီနေ့တော့ ၂ နာရီလောက်မှာ မြောက်ဦးမြို့နယ် မြောက်ဘက်အစွန်၊ တောင်ဦးဆိုတဲ့ရွာကနေ သေနတ်သံ လေးငါးခြောက်ချက် ပစ်သံကြားရတယ်။ ဆိုတော့ ထွက်ပြေးကြတယ်။ ရွာသားတွေက ပုန်းခိုဖို့နေရာ ရှာကြတယ်။ အဲဒီအချိန်မှာပဲ မိန်းကလေး တစ်ယောက်ကို ကျည်ထိတယ်။ သူက ကရင်မလေးပါ။ ကိုယ်ဝန်လည်း လွယ်ထားရတယ်။ အခု သူ့ကို မြောက်ဦးကို ရောက်နေပါတယ်။ အရေးပေါ်ခန်းထဲမှာ တင်ထားပါတယ်” ဟု ဦးထွန်းသာစိန်က ပြောကြားသည်။
ထို့ပြင် ဦးထွန်းသာစိန်က နှစ်ဖက်တိုက်ခိုက်သည်ကို မပြောလိုကြောင်း၊ ပြည်သူများကို ထိခိုက်မှုမရှိအောင် လုပ်ဆောင်ကြစေလိုကြောင်း၊ မိမိတို့ ယုံကြည်ချက်နှင့် မိမိတို့ တိုက်ခိုက်သည်ကို ဝင်မပြောလိုကြောင်း၊ ယခင်ရက်ပိုင်းကလည်း ကျေးရွာများတွင် နေအိမ်များ လက်နက်ကြီးကျည် ထိမှန်သည်များကိုလည်း တွေ့ရကြောင်းနှင့် လူတစ်ဦး အရေးပေါ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းလည်း မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
