Top News

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်သို့ အချက်သုံးချက် ပြောကြားထားပြီး ပြည်သူများ မနှစ်သက်ပါက နိုင်ငံ့အရေးအရ စဉ်းစားရမည့်လုပ်ငန်းဖြစ်ဟု NLD ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင် ပြောကြား
24htopnews | December 2, 2024 2:12 AM CST

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်သို့ အချက်သုံးချက် ပြောကြားထားပြီး ပြည်သူများ မနှစ်သက်ဘူး ဆိုပါက နိုင်ငံ့အရေးအရ စဉ်းစားရမည့်လုပ်ငန်း ဖြစ်သည်ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

မတ် ၁၆ ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ၌ ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) CEC အစည်းအဝေးပွဲအပြီးတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ အစိုးရရင်ဆိုင်နေရသည့် အခက်အခဲ၊ အကျပ်အတည်းများ မည်သို့ရှိကြောင်း မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

မြစ်ဆုံစီမံကိန်းအပေါ် လတ်တလော ဝေဖန်မှုများရှိနေပြီး မြစ်ဆုံနှင့် ပတ်သက်၍ အစိုးရအနေဖြင့် မည်သည့်အခက်အခဲ၊ အကျပ်အတည်းများ ရှိနေသလဲဆိုသည့် မေးမြန်းမှုကို “အစိုးရ ပြည်ထောင်စုအစိုးရ မေးကြည့်ပါလား။ ကျွန်တော်တို့ တိုင်းဒေကြီးအစိုးရ ဖြစ်နေတယ်။ ကျွန်တော်တို့ တရုတ်မှာ ကျွန်တော် တရားဝင် ပြောခဲ့တာ ရှိပါတယ်။ လုပ်တဲ့ စီမံကိန်းတွေပေါ့နော်။ လုပ်တဲ့စီမံချက် ကျွန်တော်တို့နိုင်ငံသူ နိုင်ငံသားတွေအတွက် ဘယ်လောက် အကျိုးအမြတ် ရှိမလဲဆိုတာ ပထမတစ်ချက် စဉ်းစားပေးပါလို့။ နောက်ပြည်သူရဲ့ အကျိုးစီးပွားကို မကိုက်ညီတဲ့ အခါကျတော့ ပြည်သူ့အသံကို ကျွန်တော်တို့က နားထောင်ပြီး ဆောင်ရွက်ရတာ ရှိပါတယ်။ ဒါတွေအပေါ်မှာတော့ နားလည်မှုပေးပါ။ အဲဒီတော့ လုပ်တဲ့စီမံကိန်းတွေနဲ့ ကျွန်တော်တို့ နိုင်ငံကလုပ်တဲ့ စီမံကိန်းတွေ ကန့်လန့်မတိုက်ရပါဘူး။ ညီညွတ်မှု ရှိရပါမယ်။ အဲဒီသုံးချက်ကို ကျွန်တော်တို့က အဲဒီမှာ တရားဝင် ပြောခဲ့ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ “ဆိုလိုချင်တာကတော့ (၁) က ဘာလဲဆိုလို့ရှိရင် ပြည်သူတွေ မနှစ်သက်ဘူး ဆိုလို့ရှိရင်ကတော့ ဒါကျွန်တော်တို့ဘက်က နိုင်ငံအရေးအရ စဉ်းစားရမယ့် လုပ်ငန်းပါ။ ဘက်ပေါင်းစုံ သုံးသပ်ပြီးမှ လုပ်မှာပါ။ ဒါကျွန်တော်တို့ အရေးပါပဲ” ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် တရုတ်ကွန်မြူနစ်ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မတ် ၁၄ ရက်က ပြုလုပ်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်မြို့လူထု တွေ့ဆုံပွဲတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထု၏ မေးမြန်းမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြန်လည်ဖြေကြားရာတွင် မြစ်ဆုံကိစ္စအား စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစရှိသဖြင့် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဖို့ လိုအပ်ကြောင်း  ထည့်သွင်းပြောကြားထားသည်။


READ NEXT
Cancel OK