Top News

ဘရစ္စဘိန်းပြိုင်ပွဲမှရမည့် ဆုကြေးကို တောမီးကယ်ဆယ်ရေးအတွက် ကမ္ဘာ့အဆင့်(၁)တင်းနစ်မယ် ဘာတီ လှူဒါန်းမည်
24htopnews | December 2, 2024 2:12 AM CST

ကမ္ဘာ့အဆင့် ၁ သြစတြေးလျတင်းနစ်မယ် ဘာတီသည် သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့၌ ကျင်းပလျက်ရှိသည့် Brisbane International ပြိုင်ပွဲမှရရှိမည့် ဆုကြေးများအားလုံးကို တောမီးကယ်ဆယ်ရေးရန်ပုံငွေအဖြစ် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံ၌ တောမီးလောင်ကျွမ်းမှုဖြစ်ပွားနေသည်မှာ လေးလကျော် ကြာမြင့်နေပြီဖြစ်ပြီး ယင်းဖြစ်ရပ်ကြောင့် အနည်းဆုံး လူ ၂၄ ဦးသေဆုံးကာ ဒါဇင်နှင့်ချီ၍ ပျောက်ဆုံးလျက်ရှိသလို တိရစ္ဆာန်အရေအတွက် ထောင်ပေါင်းများစွာလည်း သေဆုံးခဲ့ရသည်။ ထို့ပြင် သစ်တောဧက ၁၆ သန်း၊ နေအိမ် ၁၃၀၀ အပါအဝင် အဆောက်အအုံ ၂၅၀၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။ သို့ဖြစ်ရာ ကမ္ဘာ့အဆင့် ၁ တင်းနစ်မယ် ဘာတီက ဇန်နဝါရီ ၆ ရက်တွင် စတင်ကျင်းပသည့် Brisbane International ပြိုင်ပွဲ မှရရှိမည့် ဆုကြေးအားလုံးကို ကယ်ဆယ်ရေးရန်ပုံငွေအဖြစ် လှူဒါန်းမည်ဖြစ်ကြောင်း ပြောကြားခြင်းဖြစ်သည်။ ဘာတီသည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင်လည်း တိရစ္ဆာန်များညှဉ်းပန်းနှိပ်စက်ခံရမှု တားဆီးကာကွယ်ရေးအဖွဲ့အတွက် သြစတြေးလျဒေါ်လာ ၃၀,၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

သြစတြေးလျတောမီးလောင်ကျွမ်းမှု အတွက် နာမည်ကျော် တင်းနစ်ကစားသမားများစွာလည်း ပါဝင်လှူဒါန်းလျက်ရှိပြီး ရှာရာပိုဗာ (ရုရှား) က သြစတြေးလျဒေါ်လာ ၂၅,၀၀၀၊ ခီဗီတိုဗာ (ချက်)၊ ကာဂျီယို့စ် (သြစတြေးလျ) နှင့် သြစတြေးလျတင်းနစ်အဖွဲ့ချုပ်တို့က Ace ရိုက်ချက် တစ်ကြိမ်ရရှိတိုင်း ကြက်ခြေနီ အဖွဲ့အတွက် ငွေလှူဒါန်းမည်ဖြစ်ကြောင်း ပြောကြားထားသည်။

 


READ NEXT
Cancel OK