Top News

ဒုတိယကမ္ဘာစစ်နှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား
24htopnews | December 2, 2024 3:12 AM CST

မျက်မှောက်ခေတ်တွင် ဘက်အသီးသီးမှ  အထူးအင်အားကြီးနိုင်ငံများက သာမိုနျူကလီးယားလက်နက်များ (Thermonuclear Weapons) နှင့် နျူထရွန်လက်နက်များ (Neutron Weapons) အပါအဝင် ရေဒီယိုသတ္တိကြွလက်နက်များကို ကိုယ်စီထုတ်လုပ်ပိုင်ဆိုင်ထားကြသည်။ ယင်းကဲ့သို့သောအခြေအနေအတွင်း ယနေ့ခေတ်မြန်မာတို့သည် အဏုမြူလက်နက်များဖြင့် စစ်မက်ဖြစ်ပွားနိုင်မည့် တတိယကမ္ဘာစစ်မျိုးကို အခြေခံအားဖြင့် မလိုလားကြတော့ပါ။ သို့သော်လည်း တစ်ခေတ်၊ တစ်ချိန်က၊ အဏုမြူလက်နက်များ မပေါ်ပေါက်သေးသောအချိန်၊ ဒုတိယကမ္ဘာစစ်အ ကြိုကာလ၊ ဗြိတိသျှကိုလိုနီဘဝကျရောက်နေသောမြန်မာနိုင်ငံအတွင်း၊ “မြန်မာပြည်မမြေပြန့်ဒေသ (Proper Burma)” အတွင်းရှိ ဗမာ၊ မွန်၊ ရခိုင်တိုင်းရင်းသားပြည်သူများ၏ လူဦးရေအများစုသည် ဗြိတိသျှလက်အောက်မှ လုံးဝလွတ်မြောက် ရေးမျှော်လင့်ချက်များဖြင့် ဖြစ်ပေါ်လာတော့မည့် ဒုတိယကမ္ဘာစစ်ကို ရင်ခုန်လှိုက်လှဲစွာဖြင့်၊ စိတ်လှုပ်ရှားပျော်ရွှင်စွာ ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကြိုဆိုခဲ့ကြဖူးသည်။

“အင်္ဂလိပ်အခက်၊ ဗမာ့အချက်” ဟူသော ကြွေးကြော်သံကို ဆုပ်ကိုင်ကာတော်လှန်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ လူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူများ မျှော်လင့်ရည်ရွယ်ထားခဲ့ကြသည့်အတိုင်းပင် ဒုတိယကမ္ဘာစစ် အပြီးတွင် ဗြိတိသျှအင်ပါယာလည်း ပြိုကွဲကာ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိလာခဲ့သည်။

 

အသိသညာ မိုးကုပ်စက်ဝန်း

ဒုတိယကမ္ဘာစစ်အကြိုကာလ “ဗြိတိသျှစစ်မှူးမတ်လူတန်းစား” (British Military Aristocratic Class) လူတန်းစား၏ “အသိသညာမိုးကုပ်စက်ဝန်း (Knowledge Horizon)” အတွင်းယခုခေတ်ကဲ့သို့ (၁) အဂ္ဂဗျူဟာ - Super Strategy၊ (၂)အဂ္ဂနည်းဗျူဟာ - Super Tactics၊ (၃) အဂ္ဂနည်းပရိယာယ် -  Super Manoeuvres၊ (၄) နည်းပရိယာယ် - Manoeuvres၊ (၅) တိုက်ပွဲဝင် ကျွမ်းကျင်မှု - Combat Skills၊ (၆) နည်းစနစ်ဗေဒ - Methodology၊ (၇) နည်းပညာ - Technology နှင့်(၈) အရင်းအမြစ်များ - Resources အစရှိသောသီးသန့်အထူးပြုပညာရပ်နယ်ပယ်များ မပေါ်ပေါက်ခဲ့သေးပါ။

ထိုခေတ်က “ဗြိတိသျှစစ်မှူးမတ်များ” (British Military Aristocratic) ၏ အသိသညာမိုးကုပ် စက်ဝန်းအတွင်းတွင် (၁) အဂ္ဂမဟာဗျူဟာ - Grand Strategy၊ (၂) မဟာဗျူဟာ - Grand Strategy (၃) နည်းဗျူဟာ - Tactics၊ (၄) စွမ်းရည်များ - Abilities၊  (၅) ကာယသန်စွမ်းမှု - Physical Strength (၆) စက်မှုပညာ - Engineering နှင့် (၇) ဓန - Wealth ဆိုသော ပညာရပ်နယ်ပယ်များသာတည်ရှိနေသေးသည်။

ထိုစဉ်က ဗြိတိသျှ အင်္ဂလိပ် ဘာသာစကား (British English Language) အတွင်း “နည်းပရိယာယ်” (Manoeuvres) ဆိုသော ဝေါဟာရစကားလုံးအနေဖြင့် တည်ရှိနေပြီဖြစ်သော်လည်း ယနေ့ခေတ်ကဲ့သို့ သီးသန့်ပညာရပ်နယ်ပယ်တစ်ခု ဖြစ်မလာသေးပါ။

ထိုခေတ်က မြန်မာတိုင်းရင်းသားအရပ်ဘက်ပညာတတ် လူတန်းစား၏အသိပညာမိုးကုပ်စက်ဝန်းအတွင်းတွင် (၁) ကမ္ဘာ့ပထဝီ - World Geography၊ (၂) ကမ္ဘာ့ရာဇဝင် - World History၊(၃) နိုင်ငံရေး - Politics၊ (၄) တော်လှန်ရေး - Revolution ၊(၅) စစ်ပွဲ - War ၊ (၆) လမ်းစဉ် - Way ၊(၇) လူစွန့်စားဝါဒ - Adventurism၊ (၈) သူရဲကောင်းဝါဒ - Heroism၊ (၉) အမျိုးသားရေးဝါဒ - Nationalism၊ (၁၀) ပြည်ချစ်ဝါဒ - Patriotism (၁၁) ဝံသာနုဝါဒ - Chauvinism နှင့် (၁၂) လူမှုဝါဒခေါ် ဆိုရှယ်လစ်ဝါဒ - Socialism အစရှိသောအရာများသာ ရှိနေသေးသည်။

ထိုခေတ်ကမြန်မာ့လူ့ဘောင်အတွင်းတွင် လူစွန့်စားဝါဒ၊ သူရဲကောင်းဝါဒနှင့် ဝံသာနုဝါဒတို့မှာ မြန်မာပညာတတ်များအပါအဝင်အများစုက လက်ခံထားကြဆဲဖြစ်သော၊ လူကြိုက်များဆဲဖြစ်သော၊ ရေပန်းစားပျံ့နှံ့မှုအားကောင်းသော ၀ါဒများဖြစ်နေဆဲ ဖြစ်ခဲ့သည်။

 

မြန်မာတိုင်းရင်းသား သူဋ္ဌေးသူကြွယ်များ

ထိုခေတ်ကမြန်မာ့အမျိုးသား ရေးလှုပ်ရှားမှုကို အမှန်တကယ် နောက်ကွယ်က ကြိုးကိုင်ထားခဲ့ကြသူများမှာ ဗြိတိသျှအာဏာပိုင်များနှင့် အဆင်ပြေရင်းနှီးကျွမ်းဝင်သူများသဖွယ် အသွင်ယူထားကြသော ခေတ်ပညာတတ် ထိပ်တန်း မြန်မာ သူဌေးသူကြွယ်များ၊ ထိပ်တန်း မြန်မာမြေရှင်ကြီးများ၊ မြန်မာသူဋ္ဌေးသူကြွယ် အလတ်စား၊ အငယ်စားများနှင့် မြန်မာမြေရှင် အလတ်စား၊ အငယ်စားများဖြစ်ကြသည်။

သူတို့အထဲတွင်လူမျိုးအားဖြင့် “မြန်မာပြည်မ မြေပြန့်ဒေသ” (Proper Burma) အတွင်းအခြေစိုက်နေ ထိုင်နေကြသော တိုင်းရင်းသားများဖြစ်ကြသည့် ဗမာလူမျိုး၊ မွန်လူမျိုး၊ ရခိုင်လူမျိုးနှင့်ထားဝယ်လူမျိုးများ ပါဝင်ကြသည်။ သူတို့က လူမှုရေး၊ ဘာသာရေးနှင့် ပရဟိတလုပ်ငန်းများကိုသာ ဆောင်ရွက်သူများ၊ နိုင်ငံ ရေးတွင် မပါဝင်သူများအဖြစ် ဗြိတိသျှအာဏာပိုင်များ၏ရှေ့မှောက်တွင် အသွင်ယူဟန်ဆောင်ထားကြသည်။

သူတို့ကိုယ်တိုင်က (၁) မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု၏အမျိုးမျိုးသောလမ်းကြောင်းခွဲများအလိုက် နောက်ကွယ်မှ ထောက်ပံ့လှူဒါန်းခြင်း၊ အကြံဉာဏ်များပေးခြင်း၊ သတင်းအချက်အလက်များ ရယူမျှဝေပေးခြင်း၊ (၂) သူတို့၏ တူ၊ တူမအရင်းအချာများနှင့် တူ၊ တူမဝမ်းကွဲများကို လှုပ်ရှားမှုများအတွင်း အဖွဲ့အစည်း အမျိုးမျိုးသို့ ကိုယ်တိုင်ပါဝင်စေရန် ထည့်သွင်းစေလွှတ်ပေးထားခြင်းနှင့် (၃) ထိုဆွေမျိုးဝမ်းကွဲ ပညာတတ် လူငယ်များက အလွှာအဆင့်ဆင့်ရှိ အမျိုးသားရေးခေါင်းဆောင်မှု အဆင့်ဆင့်ကို ပညာအင်အား၊ ငွေကြေးအင်အား၊ အဆက်အသွယ်အင်အား၊ သတင်းအချက်အလက်အင်အားနှင့် အခြားသောအရင်းအမြစ်များကိုပါ အသုံးပြုကာ အနီးကပ်ဝန်းရံမှုနှင့် အနီးကပ် ပံ့ပိုးထောက်ပံ့မှု၊ အကြံပေးလမ်းပြမှုများကို ပြုလုပ်ခြင်း အစရှိသောနည်းလမ်းများဖြင့် ပံ့ပိုးကူညီပါဝင်နေခဲ့ကြသည်။

သို့သော်လည်း ယင်းလျှို့ဝှက်လှုပ်ရှားမှုများအတွင်း လုံးဝပါဝင် ခြင်းမပြုလုပ်ဘဲနေခဲ့သော ဗမာ၊ မွန်၊ ရခိုင်နှင့် ထားဝယ်တိုင်းရင်းသား သူဋ္ဌေးသူကြွယ်အချို့ ရှိခဲ့ကြ သော်လည်း လုံးဝမပါဝင်ခဲ့သူများ၏အ‌ရေအတွက်မှာ အလွန်နည်းပါးလှသော အနည်းစုလေးတစ်ခုသာ ဖြစ်ခဲ့သည်။

ဗမာ၊ မွန်၊ ရခိုင်နှင့်ထားဝယ်သူဋ္ဌေးသူကြွယ်များက လှုပ်ရှားမှုများအတွင်း သူတို့၏နောက်ကွယ်မှ ပါဝင်နေမှုများကို ဗြိတိသျှအာဏာပိုင်များက လုံးဝ မရိပ်မိ၊ မသိရှိ၊ မပေါက်ကြားရလေအောင် အလွန်ပိရိစွာ ဖုံးကွယ်လျှို့ဝှက်ထားခဲ့ကြသည်။

မြန်မာသူဋ္ဌေးသူကြွယ်များက ဗြိတိသျှတို့ မရိပ်မိရလေအောင် ဖုံးကွယ်ခဲ့သော နည်းလမ်းမှာ (၁) မြန်မာ အမျိုးသားရေးလှုပ်ရှားမှု၏အောက်ခြေရပ်ရွာအဆင့်၊ မြို့မအဆင့်၊ မြို့ နယ်အဆင့်၊အောက်ခြေအဆင့် ခေါင်းဆောင်များနှင့်သာ ရပ်ရွာအတွင်း အသိအကျွမ်းများအဖြစ် အထိအတွေ့ပြုလုပ်၊ ဆက်သွယ်၊ ဆက်ဆံခြင်း၊ (၂) ခရိုင်အဆင့်၊ တိုင်းအဆင့် ခါးလယ်ပိုင်း အဆင့်ခေါင်းဆောင်များအနက် “အနုလမ်းကြောင်း” (Softliners) ခေါင်းဆောင်များနှင့်သာ ထိတွေ့ဆက်သွယ်ပြီး “အမာလမ်းကြောင်း” (Hardliners) ခေါင်းဆောင်များနှင့် ထိတွေ့ဆက်သွယ်မှုများကို တတ်နိုင်သမျှ မပြုလုပ်ခြင်းနှင့် (၃) ဗဟိုအဆင့်၊ နိုင်ငံ လုံးဆိုင်ရာအဆင့်  အနုလမ်းကြောင်း ခေါင်းဆောင်များနှင့် ထိတွေ့ဆက်သွယ်မှုများကို အနည်းငယ်မျှသာ ပြုလုပ်ထားပြီး ဗဟိုအဆင့် အမာလမ်းကြောင်း ခေါင်းဆောင်များနှင့် ထိတွေ့ဆက်သွယ်မှုများကို လုံးဝ မပြုလုပ်ဘဲနေခြင်း အစရှိသော နည်းလမ်းများအပါအဝင် အမျိုးမျိုးသော နည်းလမ်းများဖြင့် မြန်မာတိုင်းရင်းသား သူဋ္ဌေးသူကြွယ်များက သူတို့၏နောက်ကွယ် လျှို့ဝှက်ပါဝင်နေမှုများကို ဗြိတိသျှတို့ လုံးဝမရိပ်မိအောင် ကြိုးစားဖုံးကွယ်ထားခဲ့သည်။

သို့သော်လည်း ဗြိတိသျှ အာဏာပိုင်များကလည်း တိုင်းရင်းသား သူဌေးသူကြွယ်တိုင်းကို အမှန်တကယ် အပြည့်အဝယုံကြည် စိတ်ချခဲ့ခြင်းအထိ တကယ်မရှိခဲ့ပါ။အချို့ကို သူတို့က သံသယဖြစ်ခဲ့သော်လည်း အုပ်ချုပ်ရေးနည်းပရိယာယ်အရ မသိချင်ယောင်ဆောင်ခြင်းနှင့် မရိပ်မိချင်ယောင်ဆောင်ခြင်းများကိုလည်း ဗြိတိသျှ အာဏာပိုင်များက ပြန်လည်ပြုလုပ်ထားခဲ့ကြသည်။

 

လမ်းစဉ်အမျိုးမျိုးကွဲပြားခြင်း

ဒုတိယကမ္ဘာစစ်ကို တုံ့ပြန်ရာ တွင် မြန်မာတို့၏အမျိုးသား အကျိုး စီးပွားအတွက် မည်ကဲ့သို့ တုံ့ပြန်ရ မည်ဟူသော လမ်းစဉ်များကို ရွေးချယ်ရာတွင် မြန်မာ့နိုင်ငံရေးအင်အားစုများအနက် ပါတီများအလိုက် တုံ့ပြန်မှုများနှင့် ဆုံးဖြတ်ချက်များ   မတူညီခဲ့ကြပါ။

 

၁။ဒို့ဗမာအစည်းအရုံး (စိန် - အုပ် ဂိုဏ်း)

သခင်ထွန်းအုပ်နှင့် သခင်ဗစိန် ဦးဆောင်သော ဒို့ဗမာအစည်းအရုံး (လက်ျာအမျိုးသားရေးဝါဒီ စင်ပြိုင်အနည်းစုပါတီကွဲ) က နာဇီဂျာမနီ၊ ဖက်ဆစ်အီတလီ၊ ဖက်ဆစ်ဂျပန် - ဝင်ရိုးတန်းနိုင်ငံများနှင့် တစ်ဖွဲ့လုံးက ပြတ်သားစွာ မဟာမိတ်ဖွဲ့ရန်ဆုံးဖြတ်ချက်ချခဲ့သည်။ သခင်ရှုမောင် (ဗိုလ်ချုပ်ကြီးနေဝင်း) သည် ယင်းအဖွဲ့မှဖြစ်သည်။

 

၂။ ဒို့ဗမာအစည်းအရုံး (မှိုင်း  - မြ ဂိုဏ်း)

သခင်ကိုယ်တော်မှိုင်းနှင့်သခင်မြဦးဆောင်သော ဒို့ဗမာအစည်းအရုံး (လက်ဝဲအမျိုးသားရေးဝါဒီ စင်ပြိုင်အများစုပါတီကွဲ)၏ ဗဟိုခေါင်းဆောင်မှုအဆင့်တွင် တိကျသောဆုံးဖြတ်ချက်များ မချမှတ် နိုင်ဘဲ “ပါတီတွင်း လျှို့ဝှက်အစုအဖွဲ့ငယ်ဂိုဏ်းအုပ်စုများ” (Intra Party Small Factions) အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့သည်။

သို့သော်လည်း ဒို့ဗမာအစည်းအရုံး (မှိုင်း - မြ ဂိုဏ်း)၏ ဗဟိုခေါင်းဆောင်မှုအဆင့်တွင် ယင်းကဲ့သို့ ဂိုဏ်းများကွဲနေခြင်းကို ပါတီ၏ခါးလယ်အဆင့်နှင့် အောက်ခြေအဆင့်များထံသို့ မပေါက်ကြားစေရန် အသိမပေးဘဲ လျှို့ဝှက်ထားခဲ့သည်။

သခင်ကိုယ်တော်မှိုင်းနှင့် သီပေါဘုရင့်အနွယ်တော်များ၏အစုက ဘယ်ဘက်ကိုမှ ဝင်မပါစေလိုဘဲ ကမ္ဘာစစ်အတွင်းနှင့် စစ်အပြီးအခြေအနေအပေါ်မူတည်ကာ ဗမာ့လွတ်လပ်ရေးအောင်ပွဲကိုအရယူရန် အခွင့်အရေးများအတွက် ကြိုတင်ပြင်ဆင်ထားရန် သဘောထားရှိခဲ့သည်။

သခင်မြ၏အစုအဖွဲ့က နာဇီ ဖက်ဆစ်ဝင်ရိုးတန်းနိုင်ငံများနှင့် မဟာမိတ်ဖွဲ့ကာ ဗြိတိသျှလက်အောက် မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရန် လိုလားခဲ့သည်။

သခင်စိုးနှင့် သခင်သိန်းဖေ (သိန်းဖေမြင့်) တို့၏ကွန်မြူနစ် ၀ါရင့်အစုအဖွဲ့က ဆိုဗီယက်ပြည်ထောင်စု ပါဝင်နေသော အမေရိကန်၊ ဗြိတိသျှ၊ ပြင်သစ်မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းမဟာမိတ်ဖွဲ့ကာ စစ်ကာလ အတွင်း နာဇီဖက်ဆစ်အင်အားစုများကို ခုခံတွန်းလှန်ရန်နှင့် စစ်ပြီးမှသာ မဟာမိတ်များထံမှ လွတ်လပ်ရေးတောင်းယူရန် လိုလားခဲ့သည်။

သခင်အောင်ဆန်းနှင့်သခင် လှဖေ (ဗိုလ်လက်ျာ) တို့၏ ကွန်မြူနစ် လူငယ်ပိုင်းအစုအဖွဲ့က မော်စီတုန်း ဦးဆောင်နေသော တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ချိတ်ဆက်ပြီး ဗမာ့လွတ်လပ်ရေးတိုက်ပွဲအတွက် ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့တစ်ရပ်ကိုထူထောင်၍ ဗြိတိသျှအင်ပါယာကိုလက်နက်ကိုင်တော်လှန်ပုန် ကန်ရန် လိုလားနေခဲ့သည်။

 

 ၃။ ဂဠုန်ဦးစော၏ ဂဠုန် လယ်သမားပါတီ

နန်းရင်းဝန် (ဝန်ကြီးချုပ်) ဂဠုန်ဦးစောက စစ်ပြီးလျှင် မြန်မာပြည်ကို လွတ်လပ်ရေးပေးရေးအတွက် ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီထံမှ ကတိတောင်းရန်၊ ကတိမရလျှင် နာဇီဖက်ဆစ်ဝင်ရိုးတန်းနှင့် ဆက်သွယ်ရန်ဆုံးဖြတ်ခဲ့သည်။

ဗြိတိသျှအာဏာပိုင်များက ဂဠုန်ဦးစောကို လန်ဒန်မှအပြန် ကိုင်ရိုမြို့တော်တွင် ဖမ်းဆီးလိုက်ပြီး အီဂျစ်နိုင်ငံရှိ ဗြိတိသျှစစ်အကျဉ်း ထောင်အတွင်းသို့ ထည့်သွင်းထား လိုက်သည်။ ဒုတိယကမ္ဘာစစ်ပြီးမှ သူ့ကို ပြန်လွှတ်ပေးလိုက်သည်။

 

၄။ ဒေါက်တာဘမော်၏ဆင်း ရဲသားပါတီနှင့် ၀ါရင့်အခြား ဂျီစီဘီအေ စင်ပြိုင်အဖွဲ့ကွဲပါတီကွဲများ

ယင်းဝါရင့်နိုင်ငံရေးသမားများ၏ ၀ါရင့်နိုင်ငံရေးပါတီများက ပါးနပ်သော မဟာဗျူဟာအစီအမံများကို ချမှတ်ခဲ့သည်။ “(၁) အကယ် ၍ ကမ္ဘာစစ်အပြီးတွင် မဟာမိတ်များက အနိုင်ရလျှင် မဟာမိတ်များထံမှ လွတ်လပ်ရေးတောင်းယူရန်၊ (၂) အကယ်၍ကမ္ဘာစစ်အပြီးတွင် နာဇီဖက်ဆစ်ဝင်ရိုးတန်းများက အနိုင်ရလျှင် ဝင်ရိုးတန်းနိုင်ငံများထံမှ လွတ်လပ်ရေးတောင်းယူရန်နှင့် (၃) မည်သည့်အခြေအနေသို့ ရောက်သည်ဖြစ်စေ၊ မြန်မာတို့၏အမျိုးသားညီညွတ်ရေးကို တည်ဆောက်ထားရန်နှင့် မြန်မာလူငယ်တို့၏ဗလငါးတန်ဖွံ့ဖြိုးရေးအပါအဝင် မြန်မာအမျိုးသားရေးအင်အားများကြီးထွား၊ ဖွံ့ဖြိုးနေအောင် ကြိုတင်အသင့်ပြင် နိုးကြားနေစေရန်”ဟု ဆုံးဖြတ်ထားခဲ့ကြသည်။

နောက်ဆုံးတွင် ဘုရားသခင်၏အလိုတော်နှင့်အညီ ဒုတိယကမ္ဘာစစ်ကို မဟာမိတ်တပ်ပေါင်းစုက အနိုင်ရရှိခဲ့သော်လည်း စစ်ပြီးကာလ အင်္ဂလန်ရွေးကောက်ပွဲတွင် စစ်နိုင်ဝန်ကြီးချုပ်ဝင်စတန်ချာချီ၏ ကွန်ဆာဗေးတစ်ပါတီ ရွေးကောက်ပွဲ ရှုံးနိမ့်ပြီး လက်ဝဲဆိုရှယ်လစ်ဝါဒီများ၏ဗြိတိသျှလေဘာပါတီ (အလုပ်သမားပါတီ)က ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည်။

လက်ဝဲဝါဒီဆိုရှယ်လစ်များ၏ဗြိတိသျှအလုပ်သမားပါတီအစိုးရသစ်က အိန္ဒိယနှင့်မြန်မာကို လွတ်လပ်ရေးပေးရန် သဘောတူညီလိုက်ခြင်းဖြင့် နောက်ဆုံးအဆင့်တွင် ငြိမ်းချမ်းသောနည်းလမ်းဖြင့် အလံဟောင်းချ၊ အလံသစ်တင်အခမ်းအနားလုပ်ကာ မြန်မာ့လွတ်လပ်ရေးကို အာဏာလွှဲပြောင်းပေးနိုင်ခဲ့သည်။     


READ NEXT
Cancel OK