Top News

ပထမပိုင်းမှာပင် နှစ်သင်းပေါင်း ခုနစ်ဂိုးသွင်းယူနိုင်ခြင်းမှာ ရူးလောက်စရာစွမ်းဆောင်ရည်ဟု အာဆင်နယ်အသင်းနည်းပြ အာတီတာ ချီးကျူး
24htopnews | December 2, 2024 7:12 AM CST

 

အာဆင်နယ်အသင်းနည်းပြ အာတီတာ က ဝက်စ်ဟမ်းအသင်းအား အနိုင်ရသည့် လန်ဒန်ဒါဘီပွဲစဉ်တွင် ပထမပိုင်းမှာပင် နှစ်သင်းပေါင်း ခုနစ်ဂိုးသွင်းယူနိုင်ခြင်းမှာ ရူးလောက်စရာစွမ်းဆောင်ရည်ဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

ပရီးမီးယားလိဂ် ပွဲစဉ် (၁၃) အဖြစ် နိုဝင်ဘာ ၃၀ ရက်က ယှဉ်ပြိုင်ကစားသည့် လန်ဒန်ဒါဘီပွဲတွင် အာဆင်နယ်အသင်းက ဝက်စ်ဟမ်းအသင်းအား အဝေးကွင်း၌ (၂-၅) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ယင်းပွဲတွင် ခုနစ်ဂိုးစလုံးကို ပထမပိုင်းမှာပင် သွင်းယူခဲ့ခြင်းဖြစ်ပြီး ၁၀ မိနစ်တွင် ဂါဘရီယဲလ်၊ ၂၇ မိနစ်တွင် ထရိုဆက်ဒ်၊ ၃၄ မိနစ်တွင် အော်ဒီဂွါ (ပယ်နယ်တီ)၊ ၃၆ မိနစ်တွင် ဟာဗက်ဇ်တို့က လေးဂိုးဆက်တိုက် သွင်းယူခဲ့သည်။ 

၃၈ မိနစ်တွင် ဝမ်ဘစ်ဆာကာနှင့် မိနစ် ၄၀ တွင် အီမာဆန် က ဝက်စ်ဟမ်းအတွက် ချေပဂိုးနှစ်ဂိုးပြန်လည်သွင်းယူပြီး အာဆင်နယ်အသင်းအတွက် ပဥ္စမမြောက်ဂိုးကို ၄၅+၅ မိနစ်တွင် ဆာကာ က ပယ်နယ်တီမှတစ်ဆင့် ထပ်မံသွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ပထမပိုင်းမှာပင် နှစ်သင်းပေါင်း ခုနစ်ဂိုးသွင်းယူနိုင်ခြင်းမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် စတုတ္ထအကြိမ်ဖြစ်ပြီး ၁၉၉၇ စက်တင်ဘာတွင် ဘလက်ဘန်း-လိဒ်စ်၊ ၂၀၀၀ ဧပြီတွင် ဘရက် ဖို့ဒ်-ဒါဘီ၊ ၂၀၁၂ ဒီဇင်ဘာတွင် ရက်ဒင်း- မန်ယူ ပွဲစဉ်၌ ခုနစ်ဂိုးစီ သွင်းယူခဲ့ဖူးသည်။

သို့ဖြစ်ရာ အာတီတာ "အဲဒီမှတ်တမ်းကို ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ဒါက ဘယ်လောက်တောင် ရူးလောက်စရာဖြစ်လဲ၊ နှစ်သင်းစလုံး ဂိုးရှေ့မှာ ဘယ်လောက်အထိ စွမ်းဆောင်ပြခဲ့လဲဆိုတာ ခင်ဗျားကို ပြောပြနေပါတယ်။ အဲဒီမိနစ် ၃၀ က အံ့မခန်းပါပဲ။ အသင်းက ဘယ်လောက်လိုချင်နေလဲဆိုတာ ခင်ဗျား တွေ့နိုင်ပါတယ်။ ရည်ရွယ်ချက်၊ ဆုံးဖြတ်ချက်၊ အရည်အသွေးတွေနဲ့ ကွဲပြားခြားနားပြီး ကောင်းမွန်တဲ့ဂိုးသုံးဂိုး ကျွန်တော်တို့ သွင်းယူနိုင်ခဲ့ပြီး နောက်ထပ်သွင်းယူတဲ့ စတုတ္ထဂိုးကလည်း ကောင်းမွန်တဲ့ပုံစံနဲ့ သွင်းယူနိုင်ခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့အတွက် အရမ်းသင့်တော်တဲ့ပုံစံမျိုးနဲ့ ကစားနိုင်ခဲ့ပါတယ်" ဟု ချီးကျူးပြောကြားခဲ့သည်။

အာဆင်နယ်အသင်းအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ပြိုင်ပွဲစုံ အဝေးကွင်းပွဲစဉ်များ တွင် ငါးဂိုးနှင့်အထက် သွင်းယူနိုင်ခြင်းမှာ ငါးပွဲမြောက်ဖြစ်ပြီး ၁၈၉၂ ခုနှစ်တွင် ဆန်းဒါးလန်းနှင့် ၁၉၃၇ ခုနှစ်တွင် မန်စီးတီးအသင်း တို့ ရရှိဖူးသည့်စံချိန်နှင့် တူညီသွားပြီဖြစ် သည်။ ထို့ပြင် အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီမှစ၍ ထောင့်ကန်ဘောများမှ ဂိုး ၂၀ အထိ သွင်းယူထားနိုင်ပြီး ယင်းဂိုးများ အနက် နောက်ခံလူ ဂါဘရီယဲလ်က ငါးဂိုး သွင်းယူပေးထားရာ ပရီးမီးယားလိဂ်အသင်း များနှင့် ကစားသမားများအနက် စွမ်းဆောင် ရည်အမြင့်ဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။ 


READ NEXT
Cancel OK