Top News

မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသည့် ဘားအံ - သထုံး ကားလမ်းပေါ်ရှိ တံတားအမှတ် (၁/၁၃) အား ပြန်လည်ပြင်ဆင်ပြီးဖြစ်၍ ဇူလိုင် ၂၃ ရက်မှစတင်ကာ မော်တော်ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်မည်
24htopnews | December 2, 2024 2:12 PM CST

 ဇူလိုင် ၁၀ ရက်က မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ဘားအံ - သထုံကားလမ်းပေါ်ရှိ တံတားအမှတ် (၁/၁၃) အား ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်၍ ဇူလိုင်လ (၂၃) ရက်မှစတင်ကာ ယာဉ်များ ပုံမှန်ဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း ဘားအံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် တံတားမှာ ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာအုပ်စု၊ ဂူဝကျေးရွာအနီး နှင့် ဝါးဘိုးတော နှင့် ဘုရင့်ညီဂူကြား ဘားအံ - သထုံကားလမ်းပေါ်ရှိ တံတားအမှတ် (၁/၁၃) ဖြစ်ကြောင်း၊ ဇူလိုင်လ (၁၀) ရက် မနက် (၁) နာရီဝန်းကျင်အချိန်ခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း နှင့် မိုင်းပေါက်ကွဲသည့်အရှိန်ကြောင့် တံတးအောက်ခြေတိုင်များ၊ တံတားလက်ရမ်းများ ပျက်ဆီးခဲ့သည့်အပြင် တံတားကြမ်းခင်းတွင်လည်း အက်ကွဲကြောင်းများ ဖြစ်သွားကြောင်း သိရသည်။

“မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ တံတားအမှတ် (၁/၁၃) ကို အကြီးစာပြန်လည်ပြုပြင်မှုတွေ လုပ်ဆောင်ပြီးပြီလို့သိရတယ်။ မနက်ဖြန် ဇူလိုင်လ (၂၃) ရက်မှာတော့ မော်တော်ယာဉ်တွေ ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ပြီးလို့ သိရပါတယ်” ဟု ဘားအံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် တံတားတစ်ခြမ်းသာ သွားလာခွင့်ပြုထားပြီး၊ ကုန်တင်ယာဉ်ကြီးများကိုလည်း တစ်စီးပြီးမှ တစ်စီးသာဖြတ်သန်းခွင့်ပြုထားသေးကြောင်း သိရသည်။

အဆိုပါ မိုင်းခွဲဖျက်ဆီးခံရသည့် တံတားအမှတ် (၁/၁၃) မှာ မြဝတီ - ဘားအံ - သထုံ - ရန်ကုန် ကုန်သွယ်ရေးလမ်ကြောင်းပေါ်တွင်တည်ရှိနေသည့် ပေ (၆၀) ခန့်ရှိတံတားတစ်စင်းဖြစ်သည့်အပြင် ဘားအံ - သထုံကားလမ်းပိုင်းတွင် အရှည်ဆုံးတံတားတစ်စင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။



 


READ NEXT
Cancel OK