Top News

UWSP၊ NDAA၊ SSPP အဖွဲ့တို့မှ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့များနှင့် နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးညီလာခံကျင်းပ    ရေးကိစ္စအပါအဝင် အစရှိသည်များကို ဆွေးနွေး
24htopnews | December 2, 2024 2:12 PM CST

UWSP၊ NDAA၊ SSPP အဖွဲ့တို့မှ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့များနှင့် နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စအပါအဝင် အစရှိသည်များကို ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ‘၀’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ‘၀’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဒုတိယဥက္ကဋ္ဌ (၃) စဝ်ဆေပိုင်ဖတို့ ဦးဆောင်သည့်  ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ကိုယ်စား ‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSp) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားကြသည်။

ထို့နောက် ယခင်ဆွေးနွေးပွဲများ၌ သဘောတူထားသည့်အချက်များကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးကိစ္စ၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုအခြေအနေများနှင့် EAO များဘက်မှ ဆွေးနွေးလိုသည့်အချက်များအား အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များရယူနိုင်ရန် မူကြမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။

ဆွေးနွေးပွဲ ဒုတိယနေ့ကို ဇူလိုင် ၂၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဖက်တူညီသည့် သဘောထားများကို သဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK