Top News

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ပစ်ကပ် မော်တော်ယာဉ်နှင့် ကုန်တင်ကားတို့ တိုက်မိပြီး ငါးဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရ
24htopnews | December 2, 2024 2:12 PM CST

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် တာ့ခ်မြို့ ထန်လွန်မီးပွိုက်လမ်းဆုံတွင် ဇူလိုင် ၂၀ ရက် နံနက် ၄ နာရီခန့်ကမြန်မာနိုင်ငံသားများ တင်ဆောင်လာသော ပစ်ကပ်ကားနှင့် ထိုင်းကုန်ကားတို့တိုက် မိပြီး ၅ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိကြောင်းသိရသည်။

အဆိုပါ မော်တော်ယာဉ်မှာ ထိုင်းနိုင်ငံအတွင်းသို့ မြဝတီ- မဲဆောက်လမ်းမှ တဆင့်တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး အမျိုးသား ငါးဦးသေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၁၂ ဦးတွင် အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး လေးဦးတို့ပါဝင်ကြောင်း သိရသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံသားများအသက်ဆုံးရှုံးရခြင်းမှာ တရားမဝင်ရွှေ့ပြောင်းသွားလာခြင်း၏နောက်ဆက်တွဲဆိုးကျိုးဖြစ်ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ  ဦးမိုးကြိုးက ပြောသည်။

"ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၄နာရီဝန်းကျင်မှာ ဖြစ်တာဗျ၊တာ့ပြည်နယ် ၊တာ့ မြို့ မီးပွိုင့်တစ်ခုမှာ အရှိန်ပြင်းပြင်း မောင်းနှင်လာတဲ့ပစ်ကပ်ကား က အရှေ့ကလာတဲ့ ကုန်တင်ကားကြီးကို သူကဘဲ ဝင်တိုက်တာဗျ။ အဲဒီမှာ ကားအရှိန်ပြင်းတော့ ကားကလွင့်စင်သွားတယ်။ လူတွေလည်းလွင့်သွားတယ်၊ ကားထဲမှာ ညှပ်မိနေတဲ့ လူတွေလည်းရှိတာပေါ့ဗျာ။ အဲဒီမှာတရား မဝင်လာတဲ့ မြန်မာ  ငါးဦးသေတယ်၊ ၁၂ယောက်ဒဏ်ရာရတယ်၊သူတို့ကို တာ့ခ် မြို့မှာရှိတဲ့ တာ့ခ်မဟာရက်ဆေးရုံကြီးမှာပျောက်ကင်းတဲ့ထိ ကုသသွားမှာဖြစ်ပါတယ်။ပျောက်ကင်းသွားရင်လည်း လူကုန်ကူးမှုရဲ့ သားကောင်ဖြစ်ပေမဲ့ ဥပဒေအတိုင်း အရေးယူခံရမှာဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်တွေကြောင့်ယခုနှစ် အတွင်းမှာ  ဒဏ်ရာရရှိသူအများအပြားရှိပြီးတော့ သေဆုံးသူ ၁၃ ဦးထက်မ နည်းရှိပြီဖြစ်ပါတယ်။ ခုလိုဖြစ်တာဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်ခြင်းနဲ့ လုံခြုံစိတ်ချမှုမရှိတဲ့တရားမဝင် ဝင်ရောက်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုး၊အကျိုးဆက်ပဲ ဖြစ်ပါတယ်။ဒါ့ကြောင့်မို့လို ဘယ်လောက်ပဲကြာကြာ တရားဝင် လုံခြုံစိတ်ချရတဲ့  MoU စနစ်ဖြင့်ရွှေ့ပြောင်းသွားလာခြင်းကိုလုပ်ကြပါလို့ အကြိမ်ကြိမ်မေတ္တာရပ်ခံနေတာဖြစ်ပါတယ်"ဟု ဦးမိုးကြိုးကပြောသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင့်ဒဏ်ရာရသူများကို တာ့ခရိုင်၊တာ့ခ်မြို့ရှိတာ့ခ်မဟာရက် ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီး ဒဏ်ရာရရှိသူများအား ပျောက်ကင်းသည့်ထိ ကုသပေးပြီးနောက် ဥပဒေ အတိုင်းအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရသိရသည်။



 


READ NEXT
Cancel OK