Top News

အောင်ဖြိုး၏ပြောကြားမှုများအတွက် မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ပြန်လည်ရှင်းလင်း
24htopnews | December 2, 2024 3:12 PM CST

စနူကာလက်ရွေးစင်ကစားသမား အောင်ဖြိုး၏ ပြောကြားမှုများအတွက် မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ကလည်း ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် မေလဒုတိယပတ်က ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် စနူကာလူရွေးပွဲကျင်းပခဲ့ပြီး အောင်ဖြိုးသည် အဖွဲ့ချုပ်အတွင်းရေးမှူး ဦးခင်မောင် ဦးကို ရန်ပြုမူရန် ကြိုးပမ်းသည့်အပြင် လူရွေးပွဲဆက်မကစားဘဲ ထွက်ခွာသွားသောကြောင့် အမှုဆောင်များ အစည်းအဝေးပြုလုပ်ကာ တစ်နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

၎င်း၏ပြောကြားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်က ''ကျွန်တော်တို့အဖွဲ့ချုပ် ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှာ ပြန် လည်ဖွဲ့စည်းခဲ့ပြီး အောင်ဖြိုးနဲ့ ပြဿနာဖြစ်တဲ့ ၂၀၁၉ ခုနှစ် မေလအထိ လပေါင်း ၃၀ ရှိပါ တယ်။ ဒီကာလမှာ အောင်ဖြိုးအနေနဲ့ ပြိုင်ပွဲ ၁၀ ခု ယှဉ်ပြိုင်ခဲ့ရပြီး အိမ်ရှင်အဖြစ် ကျင်းပတဲ့ နှစ်ပွဲနဲ့ ပြည်ပမှာသွားပြိုင်တဲ့ ရှစ်ပွဲရှိပါတယ်။ ကျွန်တော် အဖွဲ့ချုပ်ဥက္ကဋ္ဌ တာဝန်ယူတဲ့အချိန်မှာ နိုင်ငံတကာပြိုင်ပွဲအများဆုံးယှဉ်ပြိုင်ရတာ အောင်ဖြိုးပါ။ ပြဿနာဖြစ်တာကိုလည်း ကျွန်တော် ရှင်းပြချင်ပါတယ်။ ကျွန်တော် လူရွေးပွဲကိုမလာခင်ကတည်းက ကစားသမားတွေကို အဖွဲ့ချုပ်မှာ ထမင်းကျွေးချင်ပါတယ်။ အဖွဲ့ချုပ်ကိုရောက်တဲ့အချိန်မှာ High Break ဘယ်သူထိုးနိုင်မလဲ လိုက်ကြည့်တဲ့အခါမှာ အတွင်းခန်းမှာထိုးတဲ့ပွဲက ဖြစ်နိုင်ခြေရှိတာကြောင့် ဆုကြေးကျပ်သုံးသိန်းပေးမယ်ဆိုပြီး ပြောပါတယ်။ ဒါကို ကိုထက်က ရအောင်ထိုးနိုင်ခဲ့ပြီး တစ်ဝက်က သူ့အတွက်၊ ကျန်တဲ့တစ်ဝက်က သုံးရက်စာ ထမင်းကျွေးဖို့ဖြစ်ပါတယ်။ ကျွန်တော်ကလည်း အားလုံးဝမ်းသာရအောင် ဒီဘက်အခန်းကိုလာပြီး ပြောပြပါတယ်။ အဲဒီအချိန်မှာ အောင်ဖြိုး မျက်နှာကိုကြည့်တဲ့အခါ တစ်မျိုးဖြစ်နေပြီး အတွင်းရေးမှူးနဲ့ စကား ပြောနေတာတွေ့ရပါတယ်။ ကျွန်တော်က အခန်းထဲမှာဖြစ်တဲ့အတွက် ဘာပြောနေသလဲ မသိရပေမဲ့ အတွင်းရေးမှူးက ရန်ပြုမူဖို့ ကြိုးပမ်းတာမရှိဘဲ သူကပဲ ကျူတံနဲ့ရိုက်ဖို့ရွယ် ထားတာ တွေ့ရပါတယ်။ သူက မကစားတော့ဘဲ ပြန်ဖို့လုပ်နေတဲ့အတွက် ကျွန်တော်ကခေါ် ပြီး စကားပြောပါတယ်။ အခုပွဲ ဆက်မထိုးချင်ရင်တောင် ညနေ ၃ နာရီပွဲပြန်ထိုးဖို့ ပြောပါတယ်။ ဒါကို သူကလက်မခံဘဲ ပြန်သွားတာပါ။ အစည်းအဝေးလုပ်တဲ့အချိန်မှာလည်း အတွင်းရေးမှူးကို ထပ်ပြီးစိန်ခေါ်နေပါတယ်။ သူက အရင်ကတည်းက စည်းကမ်းပိုင်းအားနည်းသလို အတွင်းရေးမှူးကို အရင်ကလည်း ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့ ကြိုးပမ်းခဲ့ပေမဲ့အရေးမယူခဲ့ပါဘူး။ ဒီတစ်ကြိမ်ကျတော့ အမှုဆောင်တွေ၊ ဒုဥက္ကဋ္ဌတွေကပါ အရေးယူဖို့ ပြောပါတယ်။ အရေးမယူရင် နုတ်ထွက်မယ် လို့ ပြောတဲ့သူတွေတောင်ရှိပါတယ်။ ကျွန်တော်က ဥက္ကဋ္ဌဖြစ်ပေမဲ့ အမှုဆောင်အားလုံးရဲ့သဘောနဲ့ လုပ်ဆောင်ရတာဖြစ်လို့ အစည်းအဝေးလုပ်ပြီး တစ်နှစ်ပွဲပယ်လိုက်တာဖြစ်ပါတယ်။ အခုလို အရေးယူတာက သူ့ကို နစ်နာစေချင်လို့မဟုတ်ဘဲ ပြုပြင်စေချင်တာပါ။ သူ့လုပ်ရပ်ကိုနောင်တရပြီး အမှားကို သိစေချင်တာပါ။ ဒါကို သူက လုပ်သင့်လုပ်ထိုက်တာတွေမလုပ်ဘဲ တလွဲတွေလုပ်နေတာကြောင့် သိပ်နောက်ကျနေပါပြီ။ ကျွန်တော်တို့မှာ ကစားသမားတွေ အများကြီးရှိပါ တယ်။ သူ့ကို အရေးမယူဘူးဆိုရင် တခြား ကစားသမားတွေကို ဘယ်လိုထိန်းမလဲ။ အကြိမ်ကြိမ်ခွင့်လွှတ်ခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာ သူ့ရဲ့အပြုအမူက အရမ်းဆိုးရွားလို့ အရေးယူခဲ့ရတာပါ''ဟု ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဒေါက်တာမင်းနိုင်က ''မကွေးတိုင်းဝန်ကြီးချုပ်ရဲ့ ဂုဏ်ပြုဆုချီးမြှင့်မယ့်အစီအစဉ်ကို ကျွန်တော်က တားမြစ်လိုက်တာမဟုတ်ပါဘူး။ ဆိုင်းငံ့ခိုင်းထားတာပါ။ ဝန်ကြီးချုပ်နဲ့ ကျွန်တော်က သူငယ်ချင်းတွေဖြစ်ပြီး အောင်ဖြိုးက နတ်မောက်ကဖြစ်တဲ့အတွက် ဒီကလေး ဆုကြေးရပါစေတော့ဆိုပြီး ဂုဏ်ပြုဖို့ ပြောထားတာပါ။ အာရှချန်ပီယံ နေသွေးဦးကို ဂုဏ်ပြုတဲ့အချိန်မှာ ဝန်ကြီးချုပ်ကိုဖိတ်ပေမဲ့ မအားလပ်လို့ မလာနိုင်ပါဘူး။ ဒါကြောင့် အောင်ဖြိုးကို ဘယ်လိုလုပ်ပေးရမလဲမေးတဲ့အတွက် လောလောဆယ် အရေးယူခံထားရတဲ့ကာလဖြစ်တဲ့အတွက် ဆုပေးဖို့အဆင်မပြေသေးပါဘူး။ ပြစ်ဒဏ်စေ့သွားမှ ပြန်အကြောင်းကြားမယ်ဆိုပြီး ပြောထားတာပါ''ဟု ပြောကြားသည်။

အောင်ဖြိုးသည် ပွဲပယ်ပြစ်ဒဏ်ကြောင့် စက်တင်ဘာတွင် မန္တလေးမြို့၌ ကျင်းပမည့် ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲ၊ နိုဝင်ဘာလကုန်တွင် ကျင်းပမည့် အကြိမ် ၃၀ မြောက် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတို့ကို လွဲချော်မည် ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK