Top News

ကိုရိုနာဗိုင်းရပ်စ်စတင်သည့် ဗဟိုချက်ဖြစ်သော တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကျောင်းသားများ ကျောင်းပြန်တက်
24htopnews | December 2, 2024 3:12 PM CST

ကိုရိုနာဗိုင်းရပ်စ်စတင်ပျံ့နှံ့သည့် ဗဟိုချက်ဖြစ်သော တရုတ်နိုင်ငံ၊ ဝူဟန်မြို့ရှိ ကျောင်းသားလူငယ်များသည် မေ ၆ ရက်တွင် နှာခေါင်းစည်းများ ဝတ်ဆင်ပြီး အပူချိန်တိုင်းသည့်စက်များဆီသို့ တစ်ယောက်စီ တန်းစီလမ်းလျှောက် ဝင်ခဲ့ပြီးနောက် စာသင်ခန်းသို့ သွားရောက်ခဲ့သည်။

စာသင်ကျောင်း ၁၂၁ ကျောင်းရှိ အထက်တန်း ကျောင်းသူ ကျောင်းသားများသည် ဇန်နဝါရီတွင် ဝူဟန်မြို့၌ COVID-19 ကပ်ရောဂါ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကျောက်သင်ပုန်းနှင့် ဒီဂျစ်တယ်ဖန်သားပြင် သင်ပုန်းများရှေ့သို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

“ နောက်ဆုံးမှာ ကျောင်းပြန်ဖွင့်လှစ်ပြီ။ ၈ ရက်မှာ လပတ်စာမေးပွဲ ဖြေခဲ့ရပေမယ့်လည်း ကျောင်းပြန်တက်ရလို့ ပျော်တယ်ဆိုတာ ပထမဆုံးအကြိမ်ပါပဲ” ဟု Twitter နှင့်ဆင်တူသည့် တရုတ်၏ ဝေပိုအသုံးပြုသူတစ်ဦးက ရေးသားခဲ့သည်။

လနှင့်ချီ စာသင်ကြားမှုနှင့် အလှမ်းဝေးခဲ့ပြီးနောက် ဆယ်ကျော်သက်များသည် တစ်မီတာခြားထားသည့် တစ်ယောက်ထိုင် စားပွဲခုံတွင်ထိုင်ကာ ဆရာ၊ ဆရာမများကို ကိုယ်တိုုင်မြင်တွေ့နေရပြီ ဖြစ်သည်။

မေ ၆ ရက်တွင် ကျောင်းပြန်ဖွင့်မှုသည် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတစ်ဝန်းမပျံ့နှံ့မီ ပြီးခဲ့သည့်နှစ်တွင် ဗိုင်းရပ်စ်စတင် ဖြစ်ပွားခဲ့သည့် ဝူဟန်နှင့် ဟူပေပြည်နယ် အနီးဝန်းကျင်တွင် လူနေထိုင်မှုဘဝသည် တဖြည်းဖြည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိမှုတွင် နောက်ဆုံးအဆင့် ဖြစ်သည်။

ဟူပေပြည်နယ်ရှိ အကြီးဆုံးကျောင်းသားများအတွက်သာလျှင် ကျောင်းပြန်တက်ခွင့်ရခြင်း ဖြစ်သည်။ အထက်တန်းကျောင်းသားများသည် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်မြင်မှု(သို့မဟုတ်) ကျရှုံးမှုအတွက် အဆုံးအဖြတ်ပေးမည့် စာမေးပွဲများကြောင့် ကျောင်းပြန်တက်ရခြင်းဖြစ်သည်။

မူလတန်းနှင့် အလယ်တန်း ကျောင်းသူကျောင်းသားများအတွက် ကျောင်းပြန်ဖွင့်မည့်ရက်ကို ယခုအထိ အတည်မပြုသေးပေ။

ကျောင်းသူကျောင်းသားများနှင့် ပညာရေးဝန်ထမ်းများသည် ကျောင်းပြန်မတက်မီ COVID-19 ရောဂါအတွက် မဖြစ်မနေစစ်ဆေးမှု ခံယူခဲ့ရကြောင်းနှင့် ကျောင်းဝင်းများကို ပိုးသတ်ခဲ့ပြီး သန့်ရှင်းရေးလုပ်ဆောင်ခဲ့သည်ဟု ဝူဟန်ရှိ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကျောင်းပြန်ဖွင့်ရန်အတွက် ပြင်ဆင်မှု ပြုလုပ်ရာတွင် စာသင်ကျောင်းအချို့တွင် စားပွဲခုံများကို နေရာခြားထားခြင်းနှင့် ပိုမိုသေးငယ်သည့် စာသင်ခန်းများကို စီစဉ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာတွင် ဖော်ပြချက်အရ သိရသည်။

စာသင်ကျောင်းဂိတ်ပေါက်များကို ဖြတ်သန်းသည့် မည်သူမဆို အပူချိန်တိုင်းစက်များဖြင့် စစ်ဆေးခံရမည်ဖြစ်ပြီး အပူချိန်မြင့်သူများကို စာသင်ကျောင်းအတွင်း ဝင်ခွင့်မပြုခဲ့ပေ။

အချို့နေရာများတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအတွက် ကျောင်းလာသည့် အချိန်ဇယားခွဲထားမှုများ စီစဉ်ပေးခဲ့သည်ဟု အစိုးရပိုင်သတင်းစာ China Daily တွင် ဖော်ပြခဲ့သည်။

ဇန်နဝါရီလမှစပြီး စာသင်ကျောင်းများ ပိတ်ထားခြင်း (သို့မဟုတ်) အွန်လိုင်းမှ သင်ကြားခြင်းများ ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံအတွင်းရှိ အခြားနေရာများတွင် ပြီးခဲ့သည့် လမှစပြီး စာသင်ကျောင်းများကို တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်သည်။ ပေကျင်းနှင့် ရှန်ဟိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်တွင် ကျောင်းသားအချို့ ကျောင်းပြန်တက်နေပြီးဖြစ်သည်။

ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ခရီးသွားလာမှုများ ကန့်သတ်ခဲ့ပြီး စီးပွားရေးများ ပိတ်ထားခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ အဓိကမြို့ကြီးများသည် ပုံမှန်အခြေအနေကို တဖြည်းဖြည်း ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

ပြီးခဲ့သည့်လများအတွင်း နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်မှုသည် တစ်စတစ်စ လျော့ပါးခဲ့ပြီး ဟူပေပြည်နယ်တွင် ဗိုင်းရပ်စ် အသစ်ကူးစက်ခံရမှုမရှိသည်မှာ တစ်လကျော်ကြာပြီဖြစ်သည်။

ခရီးသွားများ သွားရောက်သည့်နေရာ အများစုကို သွားရောက်သူ အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး လဆန်းပိုင်း အားလပ်ရက်ငါးရက်ကျော်အတွင်း ပြည်တွင်းခရီးသွား ၁၁၅ သန်း ရှိခဲ့သည်။ ရှန်ဟိုင်း Disneyland ကို လာမည့်သီတင်းပတ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အပူချိန်တိုင်းတာခြင်းနှင့် Social Distancing တို့ပါဝင်သည့် ဘေးကင်းလုံခြုံရေး စီမံချက်များကို လုပ်ဆောင်သွားမည်ဟု ဖျော်ဖြေရေးကုမ္ပဏီ ဒစ္စနေက မေ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်ပမှ ဝင်ရောက်လာသူများ၏ ဗိုင်းရပ်စ်ကူးစက်ခံရမှုများကို ရင်ဆိုင်နေရသောကြောင့် နိုင်ငံခြားသားများကို တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ထားဦးမည် ဖြစ်သည်။ နေရပ်သို့ ပြန်လာသည့် တရုတ်နိုင်ငံသားများသည်လည်း ရောဂါခြေချုပ် ၁၄ ရက် နေထိုင်ရမည်ဖြစ်သည်။

 


READ NEXT
Cancel OK