Top News

ခေတ်အဆက်ဆက်တွင် တိုင်းပြည်အတွက် အသက်စွန်ခဲ့ကြသည့် သူရဲကောင်းများအား ဂုဏ်ပြုပွဲ နေပြည်တော် သူရဲကောင်းဗိမာန်တွင် ကျင်းပ
24htopnews | December 2, 2024 4:12 PM CST

ခေတ်အဆက်ဆက်တွင် တိုင်းပြည်အတွက် အသက်စွန်ခဲ့ကြသည့် သူရဲကောင်းများအား ဂုဏ်ပြုပွဲကို ယနေ့(ဒီဇင်ဘာ ၁ ရက်)တွင် နေပြည်တော်ရှိ သူရဲကောင်းဗိမာန်တွင် ကျင်းပခဲ့သည်။

ခေတ်အဆက်ဆက်တွင် တိုင်းပြည်အတွက် အသက်စွန်ခဲ့ကြသည့် သူရဲကောင်းများအား ဂုဏ်ပြုပွဲကို ပြုလုပ်လာသည်မှာ နှစ်ပေါင်း (၁၁) နှစ် ရှိပြီဖြစ်ပြီး ယခင်က ရန်ကုန်မြို့ရှိ သူရဲကောင်းဗိမာန် စတင်ပြလုပ်ခဲ့ကြောင်းနှင့် လက်ရှိတွင် နေပြည်တော်ရှိ သူရဲကောင်းဗိမာန်၌ ကျင်းပပြလုပ်လျက်ရှိကြောင်း သိရသည်။

" ဒီနေ့ ဒီအချိန် ဒီနေရာမှာလုပ်တိုင်း နှစ်စဉ်တက်တယ်။ ကျွန်တော်တို့ ပါတီအနေနဲ့လည်း ဖိတ်ကြားလို့ တက်တာရှိတယ်။ ကျွန်တော်ရဲ့ တစ်ကိုယ်ချင်းအနေနဲ့ဆိုရင်လည်း ကျွန်တော်ရော၊ ကျွန်တော်မိသားစုရော၊ မြေးတွေအထိပေါ့၊ နှစ်စဉ်နှစ်တိုင်း ဒီကိုလာပြီးတော့ တက်တဲ့သဘော ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ စဉ်းစားကြည့်ကြပေါ့ဗျာ၊ လူတစ်ယောက်မှာ စွန့်လွှတ်ဖို့ အခက်ဆုံးက အသက်နဲ့ ခန္ဓာပဲလေ။ ဒီစွန့်လွှတ်ဖို့ အခက်ဆုံးဖြစ်တဲ့ အသက်နဲ့ ခန္ဓာကို သူ့အတွက်လည်း မဟုတ်ဘူး၊ သူ့မိသားစုအတွက်လည်း မဟုတ်ဘူး၊ နိုင်ငံသူ နိုင်ငံသား အားလုံးအတွက် စွန့်လွှတ်နိုင်တဲ့ စွမ်းအားဆိုတာ နည်းတဲ့ စွမ်းအားမဟုတ်ဘူး။ အဲ့ဒီလို စွန့်လွှတ်မှုအတွက် ကျွန်တော်တို့က ဂုဏ်ပြုဖို့လိုတယ်။ မသိလိုက် မသိဘာသာ ကျော်သွားဖို့ မကောင်းဘူး။ ဒါကြောင့် ကျွန်တော်တို့က ကျွန်တော်တို့ နိုင်ငံ၊ လူမျိုး၊ တိုင်းရင်းသား အားလုံးအတွက် မြင့်မြတ်တဲ့ စွန့်လွှတ်ခြင်းနဲ့ စွန့်လွှတ်သွားတဲ့ ဒီလူတွေ၊ ဒီပုဂ္ဂိုလ်တွေ အားလုံးကို သတိတရ၊ အမှတ်တရ၊ အလေးထား ဂုဏ်ပြုချင်လို့ ဒါကို လာတက်တာပါ" ဟု အခမ်းအနားသို့ တက်ရောင်လာသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးနေသည့် ၂၀၁၃ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့သည် ငြိမ်းချမ်းရေးလမ်းစဉ်မှ သွေဖယ်၍ ဆူပူသောင်းကျန်းမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မတော်၏ တန်ပြန်ထိုးစစ်များကြောင့် လက်နက်ကိုင်အဖွဲ့များ အထိနာနေချိန်တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူအချို့သည် ရန်ကုန်မြို့ရှိ သူရဲကောင်းဗိမာန်သို့ တက်ရောက်၍ ငြိမ်းချမ်းရေးကို အကြောင်းပြ၍ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

" အဲ့မှာ သူတို့ ပြောကြတယ်၊ ဟောကြတယ်။ အဲ့တာက တကယ်တော့ သူတို့က ငြိမ်းချမ်းရေးလို့ အကြောင်းပြပေမယ့် သူတို့လိုချင်တဲ့ဘက်ခြမ်း တစ်ခြမ်းကိုပဲ သူတို့က ဇောင်းပေးပြီးတော့ လှုပ်ရှားသွားကြတာ။ အဲ့ဒီအဖွဲ့က အဲ့ဒီနှစ်က ဗိမာန်ပေါ်ကို တက်လာခဲ့ပေမယ့် သူရဲကောင်းတွေကို လေးစားသမှု မပြခဲ့ဘူး။ လေးစားသမှု မပြခဲ့တဲ့အတွက် အဲ့တာကို ကျွန်တော်တို့ အမျိုးသားရေး လှုပ်ရှားတက်ကြွသူတွေ၊ တပ်မတော်ကို ချစ်မြတ်နိုးကြတဲ့ ပြည်သူတွေက မကျေနပ်ကြဘူးပေါ့။ မခံမရပ်နိုင် ဖြစ်ကြတယ်။ မခံမရပ်နိုင်ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတာ အဲ့လိုအဖွဲ့တွေကြည့် မဟုတ်ဘူး။ ပြည်သူတွေကလည်း လိုလားတယ်။ တပ်မတော်ကလည်း လိုလားတယ်ဆိုတဲ့အကြောင်းကို ဖော်ပြနိုင်ဖို့ လူထုလှုပ်ရှားမှုတစ်ရပ် ပေါ်ပေါက်ခဲ့တာပေါ့" ဟု အခမ်းအနားကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ပိုင်မင်းက ပြောကြားသည်။

ထို့စဉ်က ထောင်ပေါင်းများစွာသော ပြည်သူများသည် ရန်ကုန်မြို့ရှိ သူရဲကောင်းဗိမာန်သို့ တက်ရောက်၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်များ ဝတ်ဆင်ကာ ဂုဏ်ပြုပန်းခြင်းများ ချခြင်း၊ ငြိမ်းချမ်းရေး၏ သင်္ကေတဖြစ်သော ဂျိုးဖြူငှက်များ လွှတ်တင်ခြင်း ဆောင်ရွက်ခဲ့ကြခြင်းများကို ကျင်းပရေးကော်မတီက ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း အခမ်းအနားကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ပိုင်မင်းက ပြောကြားသည်။

ယနေ့(ဒီဇင်ဘာ ၁ ရက်) တွင် ကျင်းပသည့် အခမ်းအနားတွင် အခမ်းအနားတက်ရောက်လာကြသူများက အမှတ်တရ လက်မှတ်ရေးထိုးခြင်း၊ အခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ငြိမ်းချမ်းရေး သေ င်္ကတဖြစ်သော ဂျိုးဖြူငှက်များ လွှတ်တင်ခြင်း၊ ဂုဏ်ပြုပန်းခြင်းများ ချ၍ ဂုဏ်ပြုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

" ကျွန်တော်တို့ အမြဲတမ်း ဆုတောင်းပါတယ်။ ကျွန်တော်တို့ စစ်မှုထမ်းတယ်ဆိုတာက ဘာမှမဟုတ်ပါဘူး။ ဘာမှ မပင်ပန်းပါဘူး။ ဘာမှ မကြမ်းတမ်းပါဘူး။ ဒီ နံရံထက်မှာရှိနေတဲ့ စစ်သားတွေအကုန်လုံး ဒါအားလုံးပေါ့၊ ကျဆုံးသွားခဲ့ကြပြီပေါ့။ ဒါပေမယ့် ဒီသူရဲကောင်းတွေအားလုံး ကောင်းရာဘုံဘဝမှာ ရှိနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အမြဲတမ်းလည်း ဆုတောင်းမေတ္တာ ပို့သပါတယ်" အခမ်းအနားကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ပိုင်မင်းက ပြောကြားသည်။

အခမ်းအနားအား ရောင်နီဦးနှင့်မိတ်ဆွေများ ပရဟိတအဖွဲ့နှင့် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအဖွဲ့တို့က ပူးပေါင်းကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများကိုယ်စား အမှတ်(၆)အထူးစစ်ဆင်ရေးအဖွဲ့မှူး၊ စစ်ရေးချုပ်၊ တပ်နယ်မှူးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ထို့အပြင် စစ်ဘက်နယ်ဘက်မှ အငြိမ်းစား အကြီးအကဲဟောင်းများ၊ စစ်မှုထမ်းဟောင်းများ၊ အမျိုးသားရေးအင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူများလည်း တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူ ၄၀၀၀ ဦးကျော်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK