Top News

ဂွါဒီယိုလာ၏ နည်းပြသက်တမ်းတစ်လျှောက် ပထမဆုံးအဖြစ် လိဂ်ပွဲစဉ်(၄)ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး ရာထူးမှထုတ်ပယ်ခံရတော့မည်ဟု လီဗာပူးလ်ပရိသတ်များ လှောင်ပြောင်
24htopnews | December 2, 2024 4:12 PM CST

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်းကို (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ၎င်း၏နည်းပြသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လိဂ်ပွဲစဉ် (၄)ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ကြောင်း သိရသည်။

ဂွါဒီယိုလာသည် လက်ရှိအချိန်၌ နည်းပြဘဝတစ်လျှောက် အဆိုးရွားဆုံးအခိုက်အတန့်နှင့် ရင်ဆိုင်နေရပြီး ပြိုင်ပွဲစုံ (၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်နေသည့်အပြင် (၆)ပွဲအထိရှုံးနိမ့်ကာ (၁)ပွဲသရေကျခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် အောက်တိုဘာလတွင် ဆောက်သမ်တန်ကို အနိုင်ရခဲ့ပြီးနောက် နိုဝင်ဘာတစ်လလုံး နိုင်ပွဲပျောက်ခဲ့ခြင်း ဖြစ်သည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်တွင် ဘုန်းမောက်၊ ဘရိုက်တန်၊ စပါးနှင့် လီဗာပူးလ်တို့ကို (၄)ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ သြဂုတ်လနောက်ပိုင်း ပထမဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ယခုရလဒ်ကြောင့် မန်စီးတီးအသင်းအနေဖြင့် ထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် (၁၁) မှတ်အထိ ကွာဟသွားသည့်အပြင် ပရီးမီးယားလိဂ်ပွဲစဉ်(၁၃) အပြီးတွင် အဆင့်(၅)နေရာသို့ ဆင်းပေးခဲ့ရသည်။

လီဗာပူးလ်နှင့်ပွဲတွင် ပွဲချိန်(၇၈)မိနစ်၌ ဆာလာ ဒုတိယ ဂိုးသွင်းယူပြီးနောက် လီဗာပူးလ်ပရိသတ်များက ဂွါဒီယိုလာအနေဖြင့် နောက်နေ့နံနက် ရာထူးမှ ထုတ်ပယ်ခံရတော့မည်ဟု လှောင်ပြောင်ခဲ့ကြသည်။

ယင်းသို့ လှောင်ပြောင်မှုကို ဂွါဒီယိုလာက ပရီးမီးယားလိဂ်ချန်ပီယံဆု (၆)ကြိမ်ရယူထားကြောင်း လက်(၆)ချောင်းထောင်ပြကာ တုံ့ပြန်ခဲ့သည့်အပြင် ပွဲအပြီးတွင်လည်း ထပ်မံပြုလုပ်ပြခဲ့ကြောင်း သိရသည်။

ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ၂၀၁၆-၁၇ ရာသီတွင် စတင်ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအား ၂၀၁၇-၁၈၊ ၂၀၁၈-၁၉၊ ၂၀၂၀-၂၁၊ ၂၀၂၁-၂၂၊ ၂၀၂၂-၂၃၊ ၂၀၂၃-၂၄ ရာသီများတွင် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး လီဗာပူးလ်အသင်းမှာ သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂၀၁၉-၂၀ ရာသီတွင် တစ်ကြိမ်သာ ရယူနိုင်ခဲ့သည့်အတွက် ဂွါဒီယိုလာက လီဗာပူးလ်ပရိသတ်များအား ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဂွါဒီယိုလာသည် လီဗာပူးလ်အသင်းနှင့် ဆုံတွေ့သည့်ပွဲများတွင် နိုင်ပွဲထက် ရှုံးပွဲပိုများခဲ့ပြီး စုစုပေါင်း (၂၃)ပွဲ ဆုံတွေ့ခဲ့ရာ၌ (၆)ပွဲသာအနိုင်ရပြီး (၉)ပွဲရှုံးကာ (၈)ပွဲသရေကျခဲ့ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် မန်စီးတီးအသင်းကို အနိုင်ရခဲ့သည့်အတွက် ဒုတိယနေရာမှ အနီးဆုံးပြိုင်ဘက် အာဆင်နယ်အသင်းကို (၉)မှတ်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် ဒုတိယနေရာမှ မန်စီးတီးအသင်းကို (၁၈)မှတ် ဖြတ်နိုင်ခဲ့ပြီးနောက်ပိုင်း အမှတ်အများဆုံးဖြတ်နိုင်ခြင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ယခုကဲ့သို့ အမှတ်ဖြတ်နိုင်ခဲ့သည့်အတွက် လီဗာပူးလ်အသင်း၏ ချန်ပီယံဖြစ်နိုင်ခြေအလားအလာကို Opta ၏ စူပါကွန်ပျူတာက (၈၅.၁%)အထိ တိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပွဲစဉ် (၁၃)မတိုင်မီ လီဗာပူးလ်အသင်း၏ ချန်ပီယံဖြစ်နိုင်ခြေအလားအလာမှာ (၈၀.၄%)ရှိခဲ့ရာမှ မန်စီးတီးကို အနိုင်ရသည့်အတွက် (၄.၇%)မြင့်တက်လာခြင်းဖြစ်သည်။

မန်စီးတီးအသင်း၏ ချန်ပီယံဖြစ်နိုင်ခြေအလားအလာမှာမူ (၄.၄%)သာရှိတော့ပြီး အာဆင်နယ်က (၉.၈%)ရှိလာခဲ့သည်။


READ NEXT
Cancel OK