Top News

ယခုရာသီ ဥရောပထိပ်သီးလိဂ်(၅)ခုထဲ၌ ဂိုးဖန်တီးမှု(၁၀)ကြိမ်ပြည့်သည့် ပထမဆုံးကစားသမားအဖြစ် ဆာကာ မှတ်တမ်းဝင်ခဲ့ပြီး (၁၂)ပွဲနှင့် ပြည့်မြောက်ခဲ့ခြင်းဖြစ်
24htopnews | December 2, 2024 4:12 PM CST

အာဆင်နယ်အသင်း၏ တိုက်စစ်ကစားသမား ဆာကာသည် ယခုရာသီ ဥရောပထိပ်သီးလိဂ်(၅)ခုထဲ၌ ဂိုးဖန်တီးမှု(၁၀)ကြိမ်ပြည့်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဆာကာသည် ဝက်စ်ဟမ်းအသင်းအား (၅-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ဂါဘရီယဲလ်နှင့် ထရိုဆက်ဒ်တို့ သွင်းယူခဲ့သည့် အဖွင့်ဂိုး(၂)ဂိုးအား ဖန်တီးပေးခဲ့သည့်အတွက် ယခုရာသီ ပရီးမီးယားလိဂ်၌ ဖန်တီးမှု(၁၀)ကြိမ် ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

ဥရောပထိပ်သီးလိဂ်(၅)ခုတွင် ဒုတိယဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူမှာ လာဇီယိုအသင်းမှ ပေါ်တူဂီကစားသမား တာဗာရက်စ်ဖြစ်ပြီး ဖန်တီးမှု(၈)ကြိမ် ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဆာကာသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အာဆင်နယ်အသင်းအတွက် (၁၂)ပွဲယှဉ်ပြိုင်ကစားရာတွင် ဂိုးဖန်တီးမှု(၁၀)ကြိမ် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ် (၁၃)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ၌ ဆာကာသည် ဘုန်းမောက်နှင့်ပွဲကို တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့သည့်အတွက် (၁၂)ပွဲသာ ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် ပရီးမီးယားလိဂ်၌ တစ်ရာသီအတွင်း ဂိုးဖန်တီးမှု(၁၀)ကြိမ်ကို ပွဲအရေအတွက် ဒုတိယအနည်းဆုံးဖြင့်  ရယူနိုင်သည့် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ပရီးမီးယားလိဂ်၌ ဂိုးဖန်တီးမှု(၁၀)ကြိမ်ကို ပွဲအရေအတွက်အနည်းဆုံးဖြင့် ရယူနိုင်ခဲ့သူမှာ ၂၀၁၅-၁၆ ရာသီတွင် အာဆင်နယ်ကစားသမား အိုဇေးလ်နှင့် ၂၀၂၀-၂၁ ရာသီတွင် စပါးတိုက်စစ်မှူး ဟာရီကိန်းတို့ဖြစ်ပြီး (၁၁)ပွဲ စီနှင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဆာကာက ၂၀၁၄ -၁၅ ရာသီတွင် (၁၂)ပွဲဖြင့် ဂိုးဖန်တီးမှု(၁၀)ကြိမ်ပြည့်ခဲ့သော ချယ်လ်ဆီးကစားသမား ဖာဘရီဂတ်စ်နှင့်အတူ ဒုတိယနေရာ၌ ပူးတွဲရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆာကာသည် ယခုနှုန်းထားအတိုင်း ရှေ့ဆက်နိုင်ခဲ့ပါက ပရီးမီးယားလိဂ်တွင် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးအဖြစ် စံချိန်တင်ထားသော အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီ(၂၀၀၂-၀၃)နှင့် မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းနား(၂၀၁၉-၂၀)တို့၏ အကြိမ်(၂၀) စံချိန်ကို အမီလိုက်နိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။ 

ဆာကာသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် သွင်းဂိုး(၅) ဂိုးသွင်းယူထားသည့်အတွက် ဂိုးပါဝင်ပတ်သက်မှု (၁၅) ဂိုးရှိနေသည်။

အဆိုပါစွမ်းဆောင်မှုနှင့်ပတ်သက်၍ အာဆင်နယ်နည်းပြ အာတီတာက '' ဘောလုံးမှာ ဒါဟာ အခက်ခဲဆုံးအရာပါ။ တိုက်စစ်မှာ ဒီလိုစွမ်းဆောင်နိုင်တဲ့ ကစားသမားက အသင်းအတွက် တန်ဖိုးကြီးမားပါတယ်။ ပြိုင်ဘက်တွေက သူ့အကြောင်းကို သိနေတာတောင်မှ သူက ဒါကို ဆက်ပြီးလုပ်ဆောင်ပြနေပါတယ်။ ဒီအတွက် သူ့ရဲ့အစွမ်းအစကို အသိအမှတ်ပြုရမှာပါ''ဟု ပြောကြားခဲ့သည်။

ဆာကာသည် ဝက်စ်ဟမ်းနှင့်ပွဲတွင် ကိုယ်တိုင် (၁)ဂိုးသွင်းနိုင်သည့်အတွက် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၃)ပွဲဆက်တိုက် ဂိုးလည်းသွင်း၊ ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခြင်းဖြစ်ခဲ့သည်။

ထို့ကြောင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလက (၄)ပွဲဆက်တိုက် ဂိုးလည်းသွင်း၊ ဂိုးဖန်တီးမှုလည်း ပြုလုပ်ခဲ့သည့် ဖာဘရီဂတ်စ်နောက်ပိုင်း ပထမဆုံး စွမ်းဆောင်နိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။ 


READ NEXT
Cancel OK