Top News

လက်စတာအသင်းနည်းပြသစ် နစ္စတယ်ရွိုင်း ဝက်စ်ဟမ်းနှင့်ပွဲတွင် စတင်တာဝန်ယူကိုင်တွယ်မည်
24htopnews | December 2, 2024 4:12 PM CST

 

လက်စတာအသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရသူ နစ္စတယ်ရွိုင်းသည် ဒီဇင်ဘာ ၃ ရက်တွင် ဝက်စ်ဟမ်းအသင်းနှင့်ကစားမည့်ပွဲ၌ စတင်တာဝန်ယူကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။

အသက် ၄၈ နှစ်ရှိပြီဖြစ်သည့် နယ်သာလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းသည် နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပယ်ခံခဲ့ရသည့် စတိဗ်ကူးပါး၏နေရာ၌ ၂၀၂၇ ခုနှစ် နွေရာသီအထိ သက်တမ်းရှိသည့် နှစ်နှစ်ခွဲစာချုပ်ဖြင့် အစားထိုးခန့်အပ်ခံရခြင်းဖြစ်သည်။ 

နစ္စတယ်ရွိုင်းသည် ယခုနှစ် ဇူလိုင်တွင် မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်၏ လက်ထောက်နည်းပြအဖြစ် နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်ခံရပြီး အောက်တိုဘာတွင် တန်ဟက်ထုတ်ပယ်ခံရပြီးနောက် ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ရသည်။ သို့သော် နည်းပြ သစ်ဖြစ်သူ အာမော်ရင်မ်က နစ္စတယ်ရွိုင်းအား နည်းပြအဖွဲ့တွင် ဆက်လက်ခန့်ထားခြင်းမရှိ သဖြင့် လမ်းခွဲခဲ့ရပြီး နှစ်ပတ်ကျော်အကြာမှာပင် လက်စတာအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

"ကျွန်တော် ဂုဏ်ယူပါတယ်။ စိတ်လည်း လှုပ်ရှားပါတယ်။ လက်စတာစီးတီးအကြောင်း ကျွန်တော်ပြောဖူးတဲ့သူအားလုံးက စိတ်အားထက်သန်ကြပါတယ်။ သူတို့ဆီမှာ ဇာတ်လမ်းကောင်းတွေ အများကြီးရှိပါတယ်။ အသင်းမှာ အလုပ်လုပ်တဲ့သူတွေရဲ့ အရည်အသွေး၊ အားပေးသူပရိသတ်တွေနဲ့ မကြာသေးခင်ကရရှိခဲ့တဲ့ သမိုင်းကြောင်းတွေက အထင်ကြီးလောက်စရာပါ။ အားလုံးရဲ့အကြောင်းကို သိရဖို့၊ ဒီ အလုပ်ကိုစတင်ဖို့ ကျွန်တော် စိတ်လှုပ်ရှားနေပါပြီ။ အသင်းအတွက် ကျွန်တော်တတ်နိုင်သမျှ ပေးဆပ်သွားမှာပါ" ဟု နစ္စတယ်ရွိုင်းက ပြောကြားခဲ့သည်။

နစ္စတယ်ရွိုင်းသည် မန်ယူအသင်းယာယီ နည်းပြအဖြစ် ကိုင်တွယ်စဉ် လက်စတာ အသင်းနှင့် အိမ်ကွင်းနှစ်ပွဲတွေ့ဆုံခဲ့ပြီး လိဂ်ဖလားပွဲတွင် (၅-၂) ဂိုး၊ ပရီးမီးယားလိဂ်ပွဲတွင် (၃-၀) ဂိုးဖြင့် အနိုင်ရစေရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ၎င်းသည် ဒီဇင်ဘာ ၁ ရက်မှစ၍ လက်စတာအသင်းနည်းပြအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်တွင် ဝက်စ်ဟမ်း အသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်သည်။


READ NEXT
Cancel OK