Top News

တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လျက်ရှိကာ နောက်ထပ်မြို့တစ်မြို့သို့လည်း အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့
24htopnews | December 2, 2024 5:12 PM CST

တရုတ်နိုင်ငံ၏ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော တီယန်ကျင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လျက်ရှိကြောင်း ဇန်နဝါရီ ၁၃ ရက်တွင် အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ၎င်းမြို့တွင် အလွန်ကူးစက်မြန်သည့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် အရှိန်မြှင့်လုပ်ဆောင်နေရပြီး လက်ရှိတွင် နောက်ထပ်မြို့တစ်မြို့သို့လည်း အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်သည် ပြည်တွင်း၌ ရောဂါကူးစက်ပျံ့နှံ့မှုများကို အလျင်အမြန် ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် တရုတ်၏ မဟာဗျူဟာအတွက် လတ်တလောတွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့သည်။ အာဏာပိုင်များအနေဖြင့် လာမည့် ဖေဖော်ဝါရီ ၄ ရက်တွင် စတင်မည့် ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲမတိုင်မီနှင့် ယခုလနှောင်းပိုင်းတွင် စတင်မည့် သွားလာလည်ပတ်မှုအများဆုံး တရုတ်နှစ်သစ်ကူး အားလပ်ရက်ကာလ မတိုင်မီတွင် ဗိုင်းရပ်စ်ထိန်းချုပ်ရေးကို အပူတပြင်းလုပ်ဆောင်လျက်ရှိသည်။

မြို့တော်ပေကျင်းနှင့် ကီလိုမီတာ ၁၀၀ ခန့်အကွာ၊ နိုင်ငံမြောက်ပိုင်းရှိ တီယန်ကျင်းမြို့တွင် ဇန်နဝါရီ ၁၂ ရက်က ပြည်တွင်းကူးစက်သူ ၄၁ ဦး တွေ့ရှိခဲ့ကာ ယမန်နေ့ကထက် ကူးစက်သူမြင့်တက်လာခဲ့သည်ဟု အမျိုးသား ကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံအရှေ့မြောက်ပိုင်း ဒါလီယန်မြို့တွင်လည်း တီယန်ကျင်းမြို့မှ ရောက်လာသူတစ်ဦးတွင် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံက ဇန်နဝါရီ ၁၂ ရက် နှောင်းပိုင်းတွင် ဖော်ပြခဲ့သည်။

နိုင်ငံအလယ်ပိုင်းရှိ ဟဲနန်ပြည်နယ် အန်ယန်မြို့တွင်လည်း ရောဂါလက္ခဏာပြသည့် ပြည်တွင်းကူးစက်သူ ၄၃ ဦး တွေ့ရှိခဲ့သည်ဟု သိရသည်။ ၎င်းမြို့တွင် အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်ဦး တွေ့ရှိခဲ့ပြီး လတ်တလော ရောဂါကူးစက်ပြန့်ပွားမှုသည် တီယန်ကျင်းမြို့မှ ရောက်ရှိလာသည့် ကျောင်းသားတစ်ဦးနှင့် ဆက်နွှယ်နေသည်ဟု အာဏာပိုင်များက ဆိုသည်။

တီယန်ကျင်းနှင့် အန်ယန်မြို့တို့တွင် တွေ့ရှိရသည့် ရောဂါကူးစက်ခံရသူဦးရေမှာ အခြားနိုင်ငံအများအပြားတွင် ဖြစ်ပွားနေသည့် ပမာဏနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးနေဆဲဖြစ်သော်လည်း ပြည်တွင်း၌ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ကိုမူ အတိအကျ မသိရှိရသေးပေ။ သို့သော်လည်း တရုတ်နိုင်ငံတွင် မြို့တွင်းမြို့ပြင် သွားလာလှုပ်ရှားမှုများကို အဆင့်လိုက် ပိတ်ပင်ကန့်သတ်မှုများ ချမှတ်ထားသည်။

တရုတ်နိုင်ငံအနှံ့အပြားရှိ မြို့အများအပြားတွင် မကြာသေးမီက တီယန်ကျင်း သို့မဟုတ် အန်ယန်မြို့များသို့ သွားရောက်ခဲ့သူတိုင်းကို ကွာရန်တင်းဝင်ရန် ညွှန်ကြားထားသည်။ မြို့တော်ပေကျင်း အပါအဝင် မြို့အများအပြား၌ တစ်နှစ်တာအတွင်း ခရီးသွားလာမှုအများဆုံးဖြစ်သည့် နှစ်သစ်ကူးအား လပ်ရက်တွင် မြို့နေလူထုကို အပြင်မထွက်ကြရန် တိုက်တွန်းထားသည်။

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်အန္တရာယ်နှင့် အိုလံပစ်ပြိုင်ပွဲကြီးကို ဘေးကင်းစွာ လက်ခံကျင်းပနိုင်ရေးအတွက် မြို့တော်ပေကျင်းတွင် မြို့ငယ်များမှ ခရီးဝေးအလုပ်ဆင်းသူများကို နေအိမ်မှသာ အလုပ်လုပ်ကြရန် တိုက်တွန်းသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ တရုတ်ပြည်မကြီးတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါလက္ခဏာပြသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူပေါင်း ၁၂၄ ဦး တွေ့ရှိခဲ့သည်။          

 


READ NEXT
Cancel OK