Top News

မြောက်ကိုရီးယားက အမျိုးအမည်မသိ ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်
24htopnews | December 2, 2024 5:12 PM CST

မြောက်ကိုရီးယားနိုင်ငံသည် သီတင်းတစ်ပတ်ကျော်အတွင်း တတိယအကြိမ်မြောက် လက်နက်စမ်းသပ်မှုအဖြစ် အမျိုးအမည်မသိ ဒုံးလက်နက်တစ်စင်းကို ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားနှင့် ဂျပန်အရာရှိများက ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

“မြောက်ကိုရီးယားဟာ အရှေ့ဘက်ကို ဦးတည်ပြီး အမျိုးအမည်မသိ ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်” ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောကြားခဲ့ပြီး အသေးစိတ်ထုတ်ဖော်ခြင်း မရှိခဲ့ပေ။

ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း မြောက်ကိုရီးယားနိုင်ငံမှ ပစ်လွှတ်ခဲ့သည့် ပဲ့ထိန်းဒုံးကျည် သို့မဟုတ် သာမန်ဒုံးကျည်ဟု ယူဆရသည့် အရာဝတ္ထုတစ်ခုကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လေ့လာဆန်းစစ်နေဆဲဖြစ်သည်ဟု ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားလက်နက်စီမံကိန်းကြောင့် နိုင်ငံတကာ၏ ပိတ်ဆို့မှုများအောက်တွင် ရှိနေသည့်တိုင်  ဇန်နဝါရီ ၅ ရက်နှင့် ၁၁ ရက်များတွင် အသံထက်မြန်သည့် ဟိုက်ပါဆိုးနစ်ဒုံးကျည်နှစ်စင်းကို စမ်းသပ်ခဲ့သည်။

ဒုတိယအကြိမ်စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး အမေရိကန်က မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်စီမံကိန်းနှင့် ဆက်နွှယ်မှုရှိသူ ငါးဦးကို ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

ယင်းလုပ်ဆောင်မှုကြောင့် အမေရိကန်သည် တင်းမာမှုများကို မြင့်တက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန က တုံ့ပြန်ခဲ့သည်။

ယင်းကဲ့သို့ ပိတ်ဆို့မှုများချမှတ်ခြင်းသည် အမေရိကန်၏ ထိပ်တိုက်တွေ့လိုသည့် ရပ်တည်ချက်ကို ပြသရာရောက်ပြီး မြောက်ကိုရီးယားအနေဖြင့် ပြင်းထန်စွာတုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အမည်ဖော်ပြထားခြင်းမရှိသည့် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက မကြာသေးမီက ပြုလုပ်ခဲ့သည့် ဟိုက်ပါဆိုးနစ်ဒုံးကျည်များစမ်းသပ်မှုကို ကာကွယ်ပြောကြားခဲ့ပြီး ယင်းစမ်း သပ်မှုများသည် မိမိကိုယ်ကိုယ်ခုခံကာကွယ်သည့် တရားနည်းလမ်းကျသည့် လေ့ကျင့်မှု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် နျူကလီးယား ဖျက်သိမ်းရေးနှင့် ပိတ်ဆို့မှုများ ဖယ်ရှားရေးအတွက် ဆွေးနွေးပွဲများပြန်လည်စတင်ရန် တောင်းဆိုနေသော်လည်း ပိတ်ဆို့မှုအသစ်များသည် မြောက်ကိုရီးယားကို သီးခြားဖယ်ကြဉ်ပြီး ထိန်းချုပ်ရန်ရည်ရွယ်သည့် အမေရိကန်၏ ရန်လိုသည့်ရပ်တည်ချက်ကို မီးမောင်း ထိုးပြသရာရောက်နေသည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၁၃ ရက်တွင် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က မြောက်ကိုရီးယားကို အမေရိကန်နှင့် ဆွေးနွေးပွဲစားပွဲဝိုင်းတွင်ထိုင်ရန် တိုက်တွန်းခဲ့ပြီး အမေရိကန်သည် ကင်ဂျုံအွန် အစိုးရအဖွဲ့ အပေါ် ရန်လိုသည့် ရည်ရွယ်ချက်မရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပြဋ္ဌာန်းချက်များကို ချိုး ဖောက်နေကြောင်း ဘလင်ကင်က ပြောကြားခဲ့သည်။    


READ NEXT
Cancel OK