Top News

လွှတ်တော်အတွင်း သံသယဖြစ်ဖွယ် တရုတ်သူလျှိုတစ်ဦး၏ လှုပ်ရှားမှုများရှိနေကြောင်း ဗြိတိန်အာဏာပိုင်များ ပြောကြား
24htopnews | December 2, 2024 5:12 PM CST

ဗြိတိန်လွှတ်တော်အတွင်း သံသယဖြစ်ဖွယ် တရုတ်သူလျှိုတစ်ဦးက နိုင်ငံရေးအရ ကြားဝင်စွက်ဖက်သည့် လှုပ်ရှားမှုများရှိနေသည်ဟု ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ MI5 ကလွှတ်တော်အမတ်များကို သတိပေးခဲ့သည် ဟု အာဏာပိုင်များက ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ဗြိတိန်အောက်လွှတ်တော်ဥက္ကဌ လင်ဆေး ဟိုလီကလည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ပါလီမန်အဖွဲ့ဝင်များကို အီးမေးလ်ဖြင့် အသိပေးခဲ့ကြောင်းအတည်ပြုခဲ့ပြီး ထောက်လှမ်းရေးအဖွဲ့များနှင့် ဆွေးနွေးတိုင်ပင်နေသည် ဟု ပြောကြားခဲ့သည်။

“လွှတ်တော်ဥက္ကဌဟာ ထောက်လှမ်းရေးဌာနနဲ့ ဆွေးနွေးတိုင်ပင်နေပြီး ဒီဖြစ်စဉ်ကို ဒီမိုကရေစီနည်းကျ တိကျသေချာအောင် လုပ်ဆောင်နေပါတယ်”ဟု ဟိုလီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

လန်ဒန်မြို့ရှိ တရုတ်သံရုံးကမူ တရုတ် သူလျှိုဆိုသည့် စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများ၏ ပါလီမန်များတွင် သြဇာလွှမ်းမိုးမှုရှိစေရန် ကြိုးပမ်းရန်မလိုကြောင်းနှင့် မည်သည့်အခါမှ ကြိုးပမ်းခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်တွင်ရှိသည့် တရုတ်အသိုင်းအဝိုင်းကို သားပုတ်လေလွင့်စွပ်စွဲပြီး ခြိမ်းခြောက်မှုရှိသည့် ယင်းလှည့်ကွက်ကို မိမိတို့အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း တရုတ်သံရုံးက ပြောကြားခဲ့သည်။

ဗြိတိန်ထောက်လှမ်းရေးဌာနက သံသယရှိသည့် တရုတ်သူလျှို၏ အမည်မှာ ခရစ္စတင်းလီဆိုသည့် အမျိုးသမီးဖြစ်ပြီး သူသည် တရုတ်ကွန်မြူနစ်ပါတီ၏ စုပေါင်းတပ်ဦးလုပ်ငန်းဌာနကိုယ်စား နိုင်ငံရေးးကို ကြားဝင်စွက်ဖက်သည့် လှုပ်ရှားမှုများကို သိရှိနားလည်စွာဖြင့် လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လန်ဒန်အခြေစိုက် ယင်းသူလျှိုသည် လေဘာပါတီမှ နောက်ယောင်ခံအစိုးရအဖွဲ့ဝင်ဟောင်း ဘာရီဂါဒီနာကို ပေါင် ၂၀၀၀၀၀ နှင့် ၎င်း၏ ပါတီအတွက် ပေါင်သောင်းနှင့်ချီ လှူဒါန်းခဲ့သည်ဟု ဗြိတိန်ထောက်လှမ်းရေး အဖွဲ့က ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ထရီဆာမေသည် ၂၀၁၉ ခုနှစ်က လီကို တရုတ်-ဗြိတိန်ဆက်ဆံရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့မှုကို အသိအမှတ်ပြုသည့်အနေဖြင့် ဆုတစ်ဆု ချီးမြှင့်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်က အခန်းအနားတစ်ခုတွင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံတစ်ပုံထဲတွင် လီကို ထရီဆာမေမတိုင်မီက ဝန်ကြီးချုပ်ဖြစ်သည့် ဒေးဗစ်ကင်မရွန်းနှင့်အတူ တွေ့မြင်ခဲ့ရပြီး လေဘာပါတီခေါင်းဆောင်ဟောင်း ဂျရမီး ကော်ဘင်နှင့်လည်း သီးခြားဓာတ်ပုံထဲတွင် ပါဝင်ခဲ့သည်။

လီသည် ဟောင်ကောင်နှင့် တရုတ်တွင် နေထိုင်သည့် ပြည်ပနိုင်ငံသားများကိုယ်စား ဗြိတိန် ပါလီမန်အဖွဲ့ဝင်များကို ငွေကြေးလှူဒါန်းခဲ့သည်ဟု အောက်လွှတ်တော်ဥက္ကဌက ပြောကြားခဲ့သည်ဟု ဗြိတိန်မီဒီယာက ဖော်ပြခဲ့သည်။

ယင်းလှူဒါန်းငွေများ၏ မူလဇာစ်မြစ်များကို ဖုံးကွယ်ခဲ့ခြင်းဖြစ်သဖြင့် ယင်းသည် လက်သင့်မခံနိုင်သည့် အပြုအမူဖြစ်ပြီး ယင်းလုပ်ဆောင်မှုများရပ်တန့်စေရန် စိတ်ချသေချာသည့် လုပ်ဆောင်မှုများကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု လွှတ်တော်ဥက္ကဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

လီ၏လှုပ်ရှားမှုများကို ဗြိတိန် ထောက်လှမ်းရေးအေဂျင်စီ MI5 ကသတိပေးခဲ့ပြီးနောက် တရုတ်အစိုးရကို ဝေဖန်သူဖြစ်သည့် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်ဟောင်း အီယန်ဒန်ကန်စမစ်က ထိရောက်စွာ အရေး ယူရန် တောင်းဆိုခဲ့သည်။ လက်ရှိအချိန်အထိ လီသည် ဖမ်းဆီးမခံခဲ့ရဘဲ လွှတ်တော်သို့ဝင် ရောက်ခွင့်သာ ပိတ်ပင်ခံခဲ့ရသည်ဟု စမစ်က စောဒကတက်ခဲ့သည်။ 


READ NEXT
Cancel OK