Top News

ယူကရိန်းကို ကျူးကျော်ရန်အတွက် ရုရှားက အကြောင်းပြချက် ဖန်တီးရန် ကြိုးပမ်းနေသည်ဟု အိမ်ဖြူတော် ပြောကြား
24htopnews | December 2, 2024 5:12 PM CST

ရုရှားအနေဖြင့် ယူကရိန်းကို ထပ်မံကျူးကျော်ရန်အတွက် မူမမှန်သော အကြောင်းပြချက် ဖန်တီးရန် ကြိုးပမ်းနေကြောင်းနှင့် ရုရှား အစိုးရသည် ယူကရိန်း အရှေ့ပိုင်းတွင် ပုံဖျက်လှုပ်ရှားမှုတစ်ရပ် လုပ်ဆောင်ရန် သူလျှိုများကိုပင် ကြိုတင်စေလွှတ်ထားပြီးဖြစ်ကြောင်း အမေရိကန် ထောက်လှမ်းရေး အရာရှိများက ယူဆနေသည်ဟု အိမ်ဖြူတော်၏ အဆိုအရ သိရသည်။

ထောက်လှမ်းတွေ့ရှိချက်များအရ ရုရှားသည် ဆိုရှယ်မီဒီယာမှ လုပ်ကြံသတင်းများ ဖန်တီးသည့် အစီအစဉ်ကိုလည်း ဖော်ဆောင်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး တာဝန်ခံ ဂျန်ဆာကီက ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်း အရှေ့ပိုင်းရှိ ရုရှားကျော ထောက်နောက်ခံပြု လက်နက်ကိုင်များကို ယူကရိန်းအစိုးရက မကြာမီ ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု လုပ်ကြံသတင်းလွှင့်ရန် ရုရှားက ပြင်ဆင်နေခြင်း ဖြစ်သည်ဟု သိရသည်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် အနေဖြင့် ကျူးကျော်မှု လုပ်ဆောင်ရန် စိတ်ပိုင်း ဖြတ်ထားပါက ရုရှားအစိုးရသည် ၎င်းတို့ ဘက်တော်သား တပ်ဖွဲ့များကိုပင် အဖျက်အမှောင့် တိုက်ခိုက်မှုများ လုပ်ဆောင်ပြီး ယူကရိန်းကို အပြစ်ပုံချရန်အလို့ငှာ မြို့ပြစစ်ပွဲအတွက် လေ့ကျင့်ပေးထားသည့် သူလျှိုများကိုပင် စေလွှတ်ထားပြီး ဖြစ်သည်ဟု ဂျန်ဆာကီက စွပ်စွဲခဲ့သည်။

“ရုရှားအစိုးရဟာ ယူကရိန်းကို ကျူးကျော်ဖို့ ပြင်ဆင်နေတဲ့အပေါ် ကျွန်မတို့အနေနဲ့ စိုးရိမ်မကင်း ဖြစ်မိပါတယ်။ သံတမန်နည်းလမ်းအရ ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့ဘူးဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာ ဇဝတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာ နိုင်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

ပင်တဂွန်ပြောခွင့်ရ ဂျွန်ကာဘီကလည်း ယင်းထောက်လှမ်းရေးသတင်းများသည် အလွန် ခိုင်မာစိတ်ချရသည်ဟု ပြောကြားခဲ့သည်။ အမည်မဖော်သည့် အမေရိကန်အစိုးရ တာဝန်ရှိသူ တစ်ဦးကလည်း အဆိုပါ ထောက်လှမ်းရေးသတင်း အများစုကို ကြားဖြတ်ဖမ်းယူခြင်းနှင့် လှုပ်ရှားမှု အခြေအနေများကို စောင့်ကြည့်အကဲခတ်ခြင်းမှ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လူသိရှင်ကြား မထုတ်ပြန်မီ လုံခြုံရေးအဆင့် လျှော့ချသတ်မှတ်ကာ အမေရိကန်၏ မဟာမိတ်များကို မျှဝေခဲ့သည့် အမေရိကန်၏ ထောက်လှမ်းတွေ့ရှိချက်များအရ ဇန်နဝါရီလလယ်နှင့် ဖေဖော်ဝါရီ လလယ်ပိုင်းတို့ တွင် စစ်ရေးကျူးကျော်မှုတစ်ရပ်ကို စတင်နိုင်ကြောင်း ခန့်မှန်းထားသည်ဟု သိရသည်။

အခြေအနေ တင်းမာမှုများကို လျှော့ချရန်အတွက် ယခုသီတင်းပတ်ထဲတွင် အမေရိကန်နှင့် ၎င်း၏ မဟာမိတ် အနောက်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့အကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် အမေရိကန်က ထောက်လှမ်းတွေ့ရှိချက် အသစ်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရုရှားအနေဖြင့် ယူကရိန်းကို ကျူးကျော်မည်ဆိုပါက သမ္မတပူတင်နှင့် ရုရှားဘဏ်များကို ဒဏ်ခတ်မှုများနှင့် ယူကရိန်းသို့ လုံခြုံရေး အထောက်အပံ့အဖြစ် ဒေါ်လာသန်း ၅၀၀ ပေးအပ်မှု အပါအဝင် ကြီးမားသော အ ကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု အမေရိကန်က သတိပေးထားသည်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်အပေါ် အမေရိကန်က ပုဂ္ဂိုလ်ရေးအရ ပစ်မှတ်ထားမှု မှန်သမျှသည် လက်မခံနိုင်စရာ လုပ်ရပ်မျိုးဖြစ်သည့်အတွက် ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်စေမည်ဖြစ်ကြောင်း ရု ရှားအစိုးရ ပြောခွင့်ရ ဒီမီထရီ ပက်စကော့ဗ်က တုံ့ပြန် ပြောကြားခဲ့သည်။                


READ NEXT
Cancel OK