Top News

၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရသည့် ပြိုင်ပွဲဝင် (၃၂)သင်းစလုံး ထွက်ပေါ်လာပြီး အုပ်စုမဲခွဲပွဲကို ဒီဇင်ဘာ (၅)ရက် ကျင်းပမည်
24htopnews | December 2, 2024 5:12 PM CST

၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရသည့် ပြိုင်ပွဲဝင် (၃၂) သင်းစလုံး ထွက်ပေါ်လာပြီဖြစ်ပြီး အုပ်စုအဆင့်မဲခွဲပွဲကို ဒီဇင်ဘာ (၅) ရက်(ကြာသပတေးနေ့)တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် တိုက်ကြီး(၆) ခုမှ ပြိုင်ပွဲဝင် (၇) သင်းဖြင့် ကျင်းပနေသည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၅ ခုနှစ်မှစကာ ပြိုင်ပွဲဝင် (၃၂) သင်းဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲပုံစံအတိုင်း ကျင်းပသွားမည်ဖြစ်သည်။

ဖီဖာ၏ အဆိုပါပြောင်းလဲမှုကို ဘောလုံးလောကသားများက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသော်လည်း ယခုအခါ အဆိုပါပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရမည့် ပြိုင်ပွဲဝင် (၃၂) သင်းစလုံး အစုံအလင် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်မက်ဒရစ်၊ အင်္ဂလိပ်ကလပ်များဖြစ်သည့် မန်စီးတီး၊ ချယ်လ်ဆီး၊ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်နှင့် မက်ဆီ၏ အင်တာမိုင်ယာမီအသင်းတို့ ပါဝင်မည်ဖြစ်သည်။

ယခုအပတ်မတိုင်မီအထိ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည့် ပြိုင်ပွဲဝင် (၃၁) သင်း ထွက်ပေါ်ထားပြီးဖြစ်သည်။

ယခုအခါ (၃၂) သင်းမြောက်အသင်းအဖြစ် ဘရာဇီးကလပ် ဘိုတာဖိုဂိုအသင်းက ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

ဘိုတာဖိုဂိုအသင်းသည် နိုဝင်ဘာ (၃၀)ရက်က ကစားခဲ့သည့် ၂၀၂၄ ကိုပါလစ်ဘာတေးဒိုးစ်ဗိုလ်လုပွဲတွင် ဘရာဇီးလ်ကလပ်အသင်းတစ်သင်းပင်ဖြစ်သည့် အက်သလက်တီကိုမင်နဲရိုးအသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရကာ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းမည်ဖြစ်ပြီး ၂၀၂၅ ဇွန်လ (၁၅)ရက်မှ ဇူလိုင်လ (၁၃) ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။

၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုအဆင့်မဲခွဲပွဲကို ဒီဇင်ဘာ (၅)ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး အဖွင့်ပွဲကို ၂၀၂၅ ဇွန်လ (၁၅)ရက်တွင် ကစားမည်ဖြစ်သည်။ 


READ NEXT
Cancel OK