Top News

ဒေါ့မွန်နှင့်ပွဲတွင် ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း (၂) ပတ်ခန့် နားရမည်
24htopnews | December 2, 2024 5:12 PM CST

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းသည် ဒေါ့မွန်နှင့်ပွဲတွင် ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် (၂) ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ (၃၀) ရက်(စနေနေ့) က ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ် ဒေါ့မွန် (၁-၁) ဘိုင်ယန်မြူးနစ်ပွဲ၌ ဟာရီကိန်းသည် ပွဲချိန် (၃၃)မိနစ်တွင် ဒဏ်ရာရကာ သောမတ်စ်မူလာနှင့် လူစားလဲခဲ့ရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် အဆိုပါပွဲစဉ်တွင် ဒေါ့မွန်အသင်းကို နောက်မှလိုက်ကစားခဲ့ရပြီး ပွဲချိန် (၈၀) မိနစ်တွင် မူဆီယာလာ သွင်းယူခဲ့သည့် ဂိုးကြောင့်သာ ပွဲအပြီးတွင် (၁-၁)ဂိုးဖြင့် သရေကျကာ တစ်မှတ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲအပြီးတွင် ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက ဟာရီကိန်း၏ဒဏ်ရာမပြင်းထန်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဟာရီကိန်းသည် တနင်္ဂနွေနေ့ တွင် ဒဏ်ရာကို စစ်ဆေးမှုခံယူခဲ့ရာ တံကောက်ကြောကြွက်သား အနည်းငယ်စုတ်ပြဲသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘိုင်ယန်မြူးနစ်အသင်း၏ ထုတ်ပြန်ချက်တွင် ''ဟာရီကိန်း၏ ညာဘက်ပေါင်တွင် ကြွက်သားအနည်းငယ်စုတ်ပြဲသွားခြင်းဖြစ်ကြောင်း၊ ဘိုင်ယန်မြူးနစ်ဆေးအဖွဲ့၏စစ်ဆေးမှုအရ ဟာရီကိန်းအနေဖြင့် အသင်းအတွက် အချိန်အတိုင်းအတာတစ်ခုအထိ ကစားပေးနိုင်ဦးမည်မဟုတ်ကြောင်း''ပါရှိသည်။

ဘိုင်ယန်မြူးနစ်အသင်းက ဟာရီကိန်း အနားယူရမည့်ကာလကို ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း နာမည်ကျော်ဂျာမန်သတင်းစာ Bild က ဟာရီကိန်းအနေဖြင့် (၂) ပတ်ခန့်သာ အနားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဟာရီကိန်းသည် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ(၁၉) ပွဲတွင် ဂိုး (၂၀) သွင်းယူထားသည်။  


READ NEXT
Cancel OK