Top News

ဒုတိယတန်းကလပ် ဒရီးစ်ဒန်အသင်းက တစ်သင်းလုံး Quarantine ၁၄ ရက်နေထိုင်မည်ဟု ကြေညာခဲ့သော်လည်း ဘွန်ဒစ်လီဂါပြိုင်ပွဲစတင်မည့်အစီအစဉ်ကို မထိခိုက်ဟု DFL တုံ့ပြန်
24htopnews | December 2, 2024 7:12 PM CST

ဂျာမနီဒုတိယတန်း (ဘွန်ဒစ်လီဂါ-၂) ကလပ် ဒီနာမိုဒရီးစ်ဒန်အသင်းက တစ်သင်းလုံး Quarantine ၁၄ ရက်နေထိုင်မည်ဟု ကြေညာခဲ့သော်လည်း ဘွန်ဒစ်လီဂါပြိုင်ပွဲ စတင်မည့်အစီအစဉ်ကို ထိခိုက်မှုမရှိကြောင်း ဂျာမန်ဘောလုံးလိဂ် (DFL) အမှုဆောင်ချုပ်  ခရစ္စတီယန်ဇိုင်ဖတ်က တုံ့ပြန်ပြောကြားသည်။

ဘွန်ဒစ်လီဂါ-၂ ပြိုင်ပွဲ ဇယားအောက်ဆုံးနေရာတွင်ရှိနေသည့် ဒရီးစ်ဒန်အသင်းက COVID-19 ရောဂါကူးစက်ခံရသူနှစ်ဦး တွေ့ရှိပြီးနောက် ကစားသမား၊ နည်းပြအဖွဲ့ နှင့် အကြီးတန်းစီမံခန့်ခွဲမှုဝန်ထမ်းများအပါအဝင် တစ်သင်းလုံး Quarantine ၁၄ ရက် နေထိုင်မည်ဖြစ်ကြောင်း မေ ၉ ရက်တွင် ကြေ ညာခဲ့ခြင်းဖြစ်သည်။

ဒရီးစ်ဒန်အသင်းက Quarantine နေထိုင်သည့်ကာလအတွင်း လေ့ကျင့်မှုနှင့် ပွဲကစားမှုပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သောကြောင့် လာမည့်တစ်ပတ်တွင် ဟန်နိုဗာအသင်းနှင့်ကစားမည့် ပွဲကို ဖျက်သိမ်းရတော့မည်ဖြစ်သည်။

သို့ဖြစ်ရာ ဘွန်ဒစ်လီဂါပြိုင်ပွဲအတွက်ပါ စိုးရိမ်စရာအခြေအနေဖြစ်လာကြောင်း သတင်းများ ထွက်ပေါ်လာသဖြင့် DFL အမှုဆောင်ချုပ် ခရစ္စတီယန်ဇိုင်ဖတ်က တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

''အားလုံးရှင်းရှင်းလင်းလင်းသိထားရမှာက ကျွန်တော်တို့က စမ်းသပ်ကာလပဲရှိသေးတယ်ဆိုတာပါ။ လူတိုင်းလူတိုင်းက ကိုယ့်ရဲ့ တာဝန်ယူမှုနဲ့ နေထိုင်ကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီအခြေအနေကြောင့် ရာသီတစ်ခုလုံးအတွက် မေးခွန်းထုတ်စရာ မလိုပါဘူး။ ကျွန်တော်ကတော့ ဒီလိုမျိုးဖြစ်လာနိုင်တယ်ဆိုတာ သိထားပြီးသားပါ။ ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲတွေပြန်စနိုင်ဖို့ စတင်လုပ်ဆောင်နေပါပြီ''ဟု ၎င်းက ဂျာမနီရုပ်သံ ZDF သို့ ပြောကြားသည်။

ဂျာမန်အဓိပတိ မာကယ်လ်က ဘွန်ဒစ်လီဂါပြိုင်ပွဲ ပြန်လည်စတင်ရန် မေ ၆ ရက် တွင် ခွင့်ပြုပေးခဲ့ပြီးနောက် ဘွန်ဒစ်လီဂါနှင့် ဘွန်ဒစ်လီဂါ-၂ ပြိုင်ပွဲများကို မေ ၁၆ ရက်တွင် ပြန်လည်စတင်ရန် DFL က စီစဉ်ထားသည်။

ဂျာမန်လိဂ်ပြိုင်ပွဲနှစ်ခုမှ ကစားသမားများ၊ နည်းပြအဖွဲ့နှင့် ဝန်ထမ်းများကို ပထမအကြိမ် ဆေးစစ်မှုပြုလုပ်စဉ် ၁၀ ဦးတွင် COVID-19 ရောဂါ စစ်ဆေးတွေ့ရှိခဲ့သော်လည်း မူလအစီအစဉ်အတိုင်း စတင်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ကလပ်အသင်းအားလုံးအနေဖြင့် ပြိုင်ပွဲမစတင်မီ တစ်ပတ်အလိုတွင် လေ့ကျင့်ရေးကွင်း၌သာ Quarantine နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK