Top News

မိုင်းပြင်းမြို့အနီး ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး နှစ်ရက်ဆက်ဆိုက် ငလျင်လှုပ်ခတ်မှုဖြစ်ပွား
24htopnews | December 2, 2024 10:12 PM CST

မိုင်းပြင်းမြို့အနီး ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဒီဇင်ဘာ ၂ ရက်က လှုပ်ခတ်ခဲ့ပြီး နှစ်ရက်ဆက်ဆိုက် ငလျင်လှုပ်ခတ်မှုဖြစ်ပွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂ ရက် နံနက် ၁၁ နာရီ ၄၂ မိနစ်ခန့်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် ၂၁ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းပြင်းမြို့၏ အရှေ့တောင်ဘက် ၁၈ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၂၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉ ဒသမ ၂၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီ ၂၇ မိနစ်ခန့်တွင် တောင်ငူမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင် ၉၀ ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကြံခင်းမြို့၏ အနောက်-အနောက်မြောက်ဘက် လေးမိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် ၁၈ ဒသမ ၃၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၁၉ ဒီဂရီ၊ အနက် ၅၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားခဲ့သည်။

ယင်းအပြင် နိုဝင်ဘာ ၂၉ ရက် နံနက် ၁၁ နာရီ ၃၂ မိနစ်ခန့်ကလည်း နေပြည်တော်မြေငလျင်စခန်းမှ အနောက်တောင်ဘက် ၂၂ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လယ်ဝေးမြို့၏ အနောက်-အနောက်တောင်ဘက် ၁၄ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၅၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၉၁ ဒီဂရီ၊ အနက် ၂၄ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၃၃ မိနစ်ခန့်တွင်လည်း မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၁၃ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း(မိုးညှင်းမြို့၏ အနောက်ဘက် ၂၇ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၄ ဒသမ ၇၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၉၀ ဒီဂရီ၊ အနက် ၂၇ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းကလည်း ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၄၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကျိုက်လတ်မြို့၏ အနောက်ဘက် သုံးမိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၆ ဒသမ ၄၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၆၈ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု မိုးဇလက ထုတ်ပြန်သည်။

အဆိုပါကျိုက်လတ်မြို့အနီး ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ ဖျာပုံမြို့တွင် နေထိုင်သူတစ်ဦးက " ကျွန်တော်တို့ ထိုင်နေတော့ ရုတ်တရက် ငလျင်လှုပ်တာ ခံစားလိုက်ရတယ်ဗျ။ ကျွန်တော်အိမ်က ဘီရိုက ရှည်တော့ ဘီရိုလှုပ်သွားတာ သတိထားမိလိုက်တယ်။ ရေအိုးထဲက ရေတွေလည်း ဘောင်ခတ်သွားတယ်။ အချိန်ကတော့ အရမ်းမကြာပါဘူး။ တစ်မိနစ်တောင် မပြည့်ပါဘူး။ ခနပဲ လှုပ်သွားတာပါ" ဟု ပြောကြားသည်။


READ NEXT
Cancel OK