Top News

တောင်ကိုရီးယားက 5G အခြေပြု မောင်းသူမဲ့ကားများ စမ်းသပ်မောင်းနှင်မှုကို ဆိုးလ်တွင် စတင်ဆောင်ရွက်
24htopnews | December 3, 2024 12:12 AM CST

5G အခြေပြု မောင်းသူမဲ့ကားများအား အများပြည်သူနှင့် စမ်းသပ်မှုကို တောင်ကိုရီးယားက ဇွန် ၂၂ တွင် ဆိုးလ်မြို့၌ စတင်ဆောင်ရွက်ခဲ့သည်။ ဆိုးလ်မြို့၏ အနောက်ဘက် ဆန်ဂန်စမ်းသပ်ကွင်းတွင် မောင်းသူမဲ့ ကားများအား အများပြည်သူနှင့် စမ်းသပ်သွားမည်ဖြစ်ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ တောင်ကိုရီးယား သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် လျှပ်စစ်ကားများအတွက် အားဖြည့်စခန်းများ၊ လမ်း၏ သုံးဖက်မြင် ရုပ်လုံးကြွမြေပုံနှင့် အနာဂတ်ရွှေ့ပြောင်း ထိန်းသိမ်းရေးစင်တာတို့ ပါဝင်သော ယင်းစမ်းသပ် နေရာသည် တစ်ရက်လျှင် ၂၄ နာရီနှင့် အများပြည်သူကို ဖွင့်လှစ်ပေးထားမည်ဖြစ်သည်။

ထိုစမ်းသပ်ကွင်းကို 5G ကွန်ရက်များတွင် အခြေပြုထားသော Cooperative – Intelligent Transport System (C-ITS) နှင့်အတူ စမ်းသပ်သွားမည်ဖြစ်ပြီး မောင်းသူမဲ့ဘတ်စ်ကား လေးစီးနှင့် မိသားစုသုံးကား သုံးစီး ပါဝင်စမ်းသပ်မည်ဖြစ်သည်။

၁.၁ ကီလိုမီတာ အကွာအဝေးရှိသော စမ်းသပ်လမ်းပေါ်တွင် မောင်းသူမဲ့ကားများကို မောင်းနှင်သွားမည်ဖြစ်ပြီး ခရီးသည်များသည် ထိုမောင်းသူမဲ့ ကားများပေါ်တွင် လိုက်ပါစီးနင်းခွင့် ရရှိမည်ဖြစ်သည်။

တောင်ကိုရီးယားသည် ဆိုးလ်မြို့၏ တောင်ဘက် ၆၀ ကီလိုမီတာ အကွာရှိ ဟွာဆောင်မြို့တွင် မောင်းသူမဲ့ ကားများအတွက် စမ်းသပ်နေရာတစ်ခု ရှိထားပြီးဖြစ်သည်။ သို့သော်လည်း ထိုနေရာကို အများပြည်သူအတွက် အသုံးပြုခွင့် မပေးသေးပေ။ တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေးနှင့် အခြေခံ အဆောက်အအုံ ဝန်ကြီးဌာနသည် ဟွာဆောင်တွင် မြို့ပြဧရိယာကို ပုံစံယူတည်ဆောက်ရန် ဒေါ်လာ ၁၁ သန်းခန့် ရင်းနှီးမြှုပ်နှံထားသည်။ တောင်ကိုရီးယား ဆက်သွယ်ရေးလုပ်ငန်းကြီး SK Telecom နှင့် ဆိုးလ်မြို့ပြ အုပ်ချုပ်ရေး အဖွဲ့တို့သည် မောင်းသူမဲ့ ကားများအတွက် အရည်အသွေးမြင့် မြေပုံနည်းပညာများ ပူးတွဲတည် ဆောက်ရန် မေလက သဘောတူညီထားသည်။

တောင်ကိုရီးယားသည် ဧပြီလက 5G ကွန်ရက်ကို စီးပွားဖြစ် စတင်သုံးစွဲခဲ့ပြီး ၂၀၁၉ ခုနှစ်မကုန်မီတွင် လူဦးရေ၏ ၉၃ ရာခိုင်နှုန်းကို 5G ကွန်ရက်ဝန်ဆောင်မှုပေးရန် စီစဉ်ထားသည်။ ဇွန်လအစောပိုင်းအထိ တောင်ကိုရီးယားတွင် 5G ကွန်ရက်သုံးစွဲသူ တစ်သန်းခန့်ရှိသည်။                        

Ref : Yonhap


READ NEXT
Cancel OK