Top News

သင်္ဘောနစ်မြုပ်မှုဖြစ်စဉ်ကို တရုတ်နှင့် ပူးပေါင်းစုံစမ်းစစ်ဆေးရန် ဖိလစ်ပိုင်က သဘောတူ
24htopnews | December 3, 2024 12:12 AM CST

ပိုင်နက်အငြင်းပွားနေသော ရေပြင်တွင် တရုတ်သင်္ဘောကြောင့် ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောတစ်စင်း နစ်မြုပ်ရသည့်  ဖြစ်စဉ်ကို ပူးတွဲစုံစမ်းစစ်ဆေးရန် တရုတ်နှင့် ဖိလစ်ပိုင်တို့က သဘောတူခဲ့ကြကြောင်း ဖိလစ် ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး၏ ပြောခွင့်ရပုဂ္ဂိုလ်က ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ဇွန် ၉ ရက်က တောင်တရုတ်ပင်လယ်ပြင်တွင် သင်္ဘောနှစ်စင်းတိုက်မိခဲ့မှုနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံထဲတွင် ဒေါသူပုန်ထမှုများ ဖြစ်ပေါ်ခဲ့သည်။

တိုက်မိမှုဖြစ်ပွားပြီးနောက် တရုတ်ဆွဲပိုက်ချသင်္ဘောသည် ဖိလစ်ပိုင်သင်္ဘောပေါ်မှ သင်္ဘောသား ၂၂ ဦးကို မကယ်ဆယ်ဘဲ ရေထဲတွင် ထားခဲ့သည်ဟု (နောက်ပိုင်းတွင် ဗီယက်နမ် ငါးဖမ်းသမားများက ကယ်ဆယ် ခဲ့သည်ဟု သိရ) ဖိလစ်ပိုင်အစိုးရက စွပ်စွဲနေသည်။ သို့သော် ထိုစွပ်စွဲချက်ကို တရုတ် အစိုးရက ငြင်းဆိုထားသည်။

တရုတ်ဆွဲပိုက်ချသင်္ဘောသည် ဖိလစ်ပိုင်သင်္ဘောကို တိုက်မိသည်ဆိုရုံသာ တိုက်မိခဲ့ကြောင်း၊ ယင်းနောက်တွင် ဖိလစ်ပိုင်ငါးဖမ်းသမားများကို ကယ်ဆယ်ရန် ကြိုးပမ်းခဲ့သော်လည်း အခြား ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောများ ၀ိုင်းလာမည်ကို စိုးရိမ်သောကြောင့် မကယ်ဖြစ်ခဲ့ကြောင်း တရုတ်တို့ဘက်က ဆို သည်။

အမှန်တကယ်မည်သို့ဖြစ်ပွားခဲ့သည်ကို ဆုံးဖြတ်နိုင်ရေးအတွက် ယင်းဖြစ်စဉ်အား ပူးတွဲစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တရုတ်အစိုးရဘက်မှ ကမ်းလှမ်းမှုကို ဒူတာတေးက လက်ခံခဲ့သည်ဟု သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဆယ်ဗာဒေါပါနယ်လိုက ပြောကြားခဲ့သည်။ စုံစမ်းရေးအဖွဲ့ထဲတွင် အရည်အချင်းပြည့်မီ သူများပါဝင်ရမည်ဖြစ်ပြီး ဖိလစ်ပိုင်၊ တရုတ်ဘက်မှ ကိုယ်စားလှယ်တစ်ဦးစီနှင့် ကြားနေနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးလည်း ပါဝင်လိမ့်မည်ဟု ပန်နယ်လိုက ပြောကြားခဲ့သည်။

နိုင်ငံအချင်းချင်း ခင်မင်ရင်းနှီးစွာ တိုင်ပင်ပြီး သင့်တော်သလို ကိုင်တွယ်ဖြေရှင်းမှုများ ပြုလုပ်နိုင်မည့် ပူးတွဲစုံစမ်းစစ်ဆေးမှု တစ်ခု လုပ်ဆောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက လည်း ဇွန် ၂၀ ရက်က ဆော်သြမှု ပြုလုပ်ခဲ့သေးသည်။

သင်္ဘောတိုက်မိမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖိလစ်ပိုင်အစိုးရဘက်က တရုတ်အပေါ် သံတမန်ရေးအရ ဆန့်ကျင်ကန့်ကွက်ထားသည်။ ဒူတာတေးကမူ ယခုကိစ္စနှင့်ပတ်သက်၍ စိတ်အေးအေးထားရန်၊ တရုတ်နှင့် ဖိလစ်ပိုင်၏ ပိုင်နက်အငြင်းပွားမှုကိစ္စကို ဘေးဖယ်ထားရန် တိုက်တွန်းခဲ့သည်။

“ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အချုပ်အခြာ အာဏာကို တစ်လက်မတောင် အထိခံမှာ မဟုတ်သလို၊ ကျွန်တော်တို့ ငါးဖမ်းသမား ၂၂ ဦးရဲ့အခွင့်အရေးကို အပေးအယူလုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံသားတွေ အတွက် တရားမျှတမှုကို တောင်းဆိုနေတာပါ။ တရားဥပဒေအရ လုပ်ဆောင်နိုင်တာတွေ အားလုံးကိုသုံးပြီး အဆုံးအထိ ဆက်သွားမှာပါ”ဟု သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပန်နယ်လိုက ပြောကြားခဲ့သည်။

အဆိုပါ သင်္ဘောတိုက်မိမှုဖြစ်စဉ်သည် ငါးနှင့် သဘာဝဓာတ်ငွေ့ကြွယ်ဝသော သန္တာ ကျောက်တန်းများရှိရာ Reed Bank အလွန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းနေရာကို တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်သုံးနိုင်ငံက ပိုင် ဆိုင်သည်ဟု ပြောထားကြသည်။ ထို့အတူ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်တို့သည်လည်း တောင်တရုတ်ပင်လယ်ရေပိုင်နက် အငြင်းပွားမှုတွင် ပါဝင်နေကြသည်။     

 

 


READ NEXT
Cancel OK