Top News

အီရန်အား တိုက်ခိုက်မည့်အစီအစဉ်ကို နောက်ဆုံးအချိန်မှ ရွှေ့ဆိုင်းခဲ့ဟု ထရန့်ပြောကြား
24htopnews | December 3, 2024 12:12 AM CST

အမေရိကန်ဒရုန်းတစ်စင်းအား အီရန်က ပစ်ချခဲ့မှုကို လက်တုံ့ပြန်တိုက်ခိုက်ရန်အတွက် အမေရိကန်သည် ပြင်ဆင်ခဲ့သော်လည်း သင့်လျော်သော တုံ့ပြန်မှုဖြစ်မည် မဟုတ်သောကြောင့် နောက်ဆုံးအချိန်ရောက်မှ ရုပ်သိမ်းခဲ့သည်ဟု သမ္မတဒေါ်နယ်ထရန့် က ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်။ အီရန်က ထိုဒရုန်းသည် ၎င်း၏ လေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း အခိုင်အမာပြောကြားခဲ့ပြီး ၀ါရှင်တန်ကမူ အပြည် ပြည်ဆိုင်ရာ လေပိုင်နက်ထဲ၌ ပျံသန်းနေသည်ဟု ပြန်လည်ထုတ်ပြန်ခဲ့သည်။

မဟာဗျူဟာကျသော ဟော်မုဇ်ရေလက်ကြားအနီး ဖြစ်ပွားခဲ့သော ဒရုန်းပစ်ချ ခံရမှုအား တုံ့ပြန်ရန် ဖိအားကြုံခဲ့ရသည့် ထရန့်က အီရန်၏ ပစ်မှတ်သုံးခုအား လက်တုံ့ပြန်တိုက်ခိုက်ရန်အတွက် အမေရိကန်သည် ဇွန် ၂၀ ရက် ညတွင် ကြိုတင်ပြင်ဆင်ခဲ့ကြောင်း၊ သို့သော် ထိုတိုက်ခိုက်မှု မပြုလုပ်မီ ၁၀ မိနစ်အလိုတွင် ယင်းအစီအစဉ်အား ဖျက်သိမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုတုံ့ပြန်တိုက်ခိုက်မှုတွင် လူမည်မျှ သေဆုံးနိုင်သနည်းဟု မေးမြန်းခဲ့ရာ လူ ၁၅၀ သေဆုံးနိုင်သည်ဟု ဗိုလ်ချုပ်တစ်ဦးက ဖြေခဲ့ကြောင်း၊ မောင်းသူမဲ့ ဒရုန်းတစ်စင်း ပစ်ချခံရမှုအတွက် ယင်းကဲ့သို့ တုံ့ပြန်မည်ဆိုပါက   သင့်လျော်မည် မဟုတ်ကြောင်း ထရန့်က Twitter တွင် ရေးသားခဲ့သည်။ ထရန့်သည်  အီရန်အား တိုက်ခိုက်ရန်အတွက် နောက်ဆုံး အတည်ပြုချက် မပေးရသေးကြောင်းနှင့် လေယာဉ်များသည်လည်း ပျံတက်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်ဟု NBC ရုပ်သံ၏ Meet the Press အစီအစဉ်က ဇွန် ၂၁ ရက် နံနက်၌ ထုတ်လွှင့်ခဲ့သည့် အင်တာဗျူး အစီအစဉ် ကောက်နုတ်ချက်တွင် ဖော်ပြခဲ့သည်။

ထရန့်က သူသည် အီရန်နှင့် စစ်မဖြစ်လိုကြောင်း၊ သို့သော် ယင်းကဲ့သို့ အချိန်ရောက်လာပါက ယခင်က မမြင်ဖူးသည့် ဖျက်ဆီးမှုကို ကြုံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အီရန်က အမေရိကန်၏ ထောက်လှမ်းစောင့်ကြည့်ရေးဒရုန်း Global Hawk အား ပစ်ချခဲ့မှုသတင်းနှင့် ပတ်သက်၍ ထရန့်က ဇွန် ၂၀ ရက်အစောပိုင်းတွင် ပြင်းထန်သည့် မှတ်ချက်များပေးခဲ့ရာ ကျယ်ပြန့်သော ပဋိပက္ခသို့ ပြောင်းလဲသွားမည်ကို စိုးရိမ်မှု ဖြစ်ပေါ်စေခဲ့သည်။

အီရန်တော်လှန်ရေး အစောင့်တပ်၏ လေကြောင်း အာကာသတပ်ဖွဲ့ တပ်မှူးက အီရန်သည် ထိုဒရုန်းက အိုမန်ပင်လယ်ကွေ့ပေါ် မဖြတ်သန်းမီ နှစ်ကြိမ်သတိပေးခဲ့ကြောင်း ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်။  ညှိနှိုင်းဆွေးနွေးမှုမလုပ်လျှင် ချက်ချင်းတိုက်ခိုက်ခံရမည့် အန္တရာယ်ရှိသည်ဟု ထရန့်က အိုမန်မှတစ်ဆင့် သတိပေးခဲ့ကြောင်း သတင်းကိုလည်း အီရန်က ငြင်းဆန်ခဲ့သည်။

အီရန်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဘရိုင်ယန်ဟော့က အီရန်သည် ဒေသတွင်း၌ တင်းမာမှုများ လျော့ကျစေရန်အတွက် သံတမန်ရေးရာ ကမ်းလှမ်းမှုများကို ငြင်းဆန်ခဲ့ကြောင်း ဆော်ဒီအာရေဗျတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ 

ဟော်မုဇ်ရေလက်ကြားလမ်းကြောင်းကို ဖြတ်သန်းသည့် အမေရိကန်အရပ်ဘက် လေကြောင်းလိုင်းများအား နောက်ထပ် အသိပေးချက် မထုတ်ပြန်မီအချိန်အထိ ထိုဒေသအားဖြတ်သန်းမှုကို ပိတ်ပင်ကြောင်း အမေရိကန် ဖက်ဒရယ်လေကြောင်း စီမံထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဗြိတိန်လေကြောင်းလိုင်း၊ KLM ၊ Lufthansa ၊ Qantas ၊ Emirates နှင့် Etihad တို့အပါအဝင် အမေရိကန်မဟုတ်သော အဓိကလေကြောင်းလိုင်းများသည်လည်း ဟော်မုဇ်ရေလက်ကြားအပေါ်မှ ပျံသန်းသည့် လမ်းကြောင်းကို ရှောင်လွှဲကြောင်း ထုတ်ပြန်ထားသည်။                                  

 


READ NEXT
Cancel OK