ယခင်အစိုးရ ဒေါက်တိုင်များဖြစ်သည့် အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၏ စကားနားထောင်၍ အလုပ်လုပ်နေရုံဖြင့် လာမည့်ငါးနှစ်အတွင်း ထူးထူးခြားခြား ဖြစ်လာမည်မဟုတ်ကြောင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ကျယ်ကျယ်လောင်လောင် အသံမကြားရတော့ကြောင်း ဝေဖန်
ယခင်အစိုးရ ဒေါက်တိုင်များဖြစ်သည့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၏ စကားများ နားထောင်နေ၍ အလုပ်လုပ်နေရုံဖြင့် လာမည့်ငါးနှစ်အတွင်း ထူးထူးခြားခြား ဖြစ်လာမည်မဟုတ် ကြောင်းနှင့် လက်ရှိအစိုးရအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ကျယ်ကျယ်လောင်လောင် အသံမကြားရတော့ကြောင်း ‘အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းနှင့် ပတ်သက်၍ စကားဝိုင်း ဆွေးနွေးပွဲ’တွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်းက ဝေဖန်ပြောကြားသည်။
‘အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းနှင့် ပတ်သက်၍ စကားဝိုင်းဆွေးနွေးပွဲ’ကို ဇွန် ၂ ရက်က ရန်ကုန်မြို့ရှိ အမေရိကန်စင်တာတွင် World Learning နှင့် ipace တို့ ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး (ဒေါ်)နော်ပန်း သဉ္ဇာမျိုး၊ ဒေါက်တာရန်မျိုးသိန်းနှင့် နိုင်ငံရေးအကျဉ်းသားများအဖွဲ့မှ ဦးရဲနိုင်အောင်နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ဦးနေလင်းစိုးတို့က ဦးဆောင်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
‘‘ဝန်ကြီးဌာနတွေမှာဆိုရင် အမြဲတမ်းအတွင်းဝန်တွေ၊ လက်ထောက်အတွင်းဝန်တွေ၊ ညွှန်ချုပ်တွေဆိုတာ အဲဒီဌာနတွေရဲ့ထောက်တိုင်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ယခင်အစိုးရရဲ့ ထောက်တိုင်တွေ။ အဲဒီလိုပဲ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာလည်း အဲဒီလို ထောက်တိုင်တွေ အများကြီးပဲ။ အဲဒီတော့ အသစ်ရောက်လာတဲ့ ဝန်ကြီးကပဲဖြစ်ဖြစ် မြို့တော်ဝန်ကပဲ ဖြစ်ဖြစ် အဲဒီထောက်တိုင်တွေရဲ့ အသံလောက်ပဲ နားထောင်ပြီးတော့ အလုပ်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့ လာမယ့် ငါးနှစ် အတွင်းတွေ့ရမယ့် အပြောင်းအလဲဟာ ဘာမျှ ထူးထူးခြားခြား ဖြစ်လာစရာမရှိဘူးလို့ မြင်တယ်။ ကျွန်တော်ကတော့ အရင်ကလည်း တိုက်တွန်းတယ်။ အခုလည်း တိုက်တွန်းတယ်။ အဲဒီထောက်တိုင်တွေရဲ့ အသံတွေကို နားထောင်နေရုံနဲ့ ခရီးမပေါက်နိုင်ဘူး။ အောက်ခြေဝန်ထမ်းတွေရဲ့ အသံကို နားထောင်ပါလို့ တိုက်တွန်းချင်တယ်’’ ဟု ဒေါက်တာရန်မျိုးသိန်းက ပြောကြားသည်။
လက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့တွင် ပညာရှင်ဝန်ကြီးများ ပါဝင်လာပြီး အဆိုပါ ပညာရှင်များ အနေဖြင့် နိုင်ငံရေးနှင့်ပတ်သက်၍ ပြည်သူလူထုနှင့် ဆက်ဆံရာတွင် လို အပ်ချက်များ ရှိနေခြင်း၊ လူထုကို ချဉ်းကပ်စည်ရုံးရာတွင် ပြဿနာများ ရှိလာနိုင်ခြင်းနှင့် ထိုသို့သာ ဆက်ဖြစ်နေပါက လာမည့်နှစ်များအတွင်း ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များတွင် ပြဿနာများ ဖြစ်ပွားလာနိုင်ကြောင်း ဒေါက်တာရန်မျိုးသိန်းက ဆက်လက်သုံးသပ်သည်။
‘‘အရင်အစိုးရလက်ထက်မှာ ပညာရှင်တွေ မပါဘူးလားဆိုတော့ ပါတယ်။ ဒါပေမဲ့ သူတို့က အစိုးရကို အကြိုက်ဆောင်၊ အလုပ်လုပ်မယ့် ပညာရှင်တွေကို Recruit လုပ်ခဲ့တာ။ လွန်ခဲ့တဲ့ အစိုးရအဆက်ဆက် သုံးခဲ့တဲ့ ပုံစံမျိုး လက်ရှိအစိုးရလက်မှာ ဆက်မဖြစ်ဖို့ လိုတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ပညာရှင် ဝန်ကြီးတစ်ယောက်၊ သူ့ကိုယ်ရေးအချက်အလက်မှာ နိုင်ငံရေးနဲ့ မသက်ဆိုင်ပါ ဖြည့်တယ်။ အနိုင်ရတဲ့ပါတီက Recruit လုပ်ထားတဲ့ပါတီက အရွေးခံရတဲ့သူက ဘာဖြစ်လို့ နိုင်ငံရေးနဲ့ မသက်ဆိုင်ပါ ဖြည့်ရတာလဲ။ ရက် ၁၀၀ စီမံကိန်းနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြကြီးစွာ ဆွေးနွေးနေတာ။ ဒီ ရက် ၁၀၀ စီမံကိန်းမှာ အမှားအယွင်းတွေ ဖြစ်သွားခဲ့ရင် ကျွန်တော်တို့ တိုင်းပြည်ပဲနာမယ်။ ကျွန်တော်တို့ ပြည်သူပဲနာမယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲလည်းပဲ နစ်နာမယ်။ တွေ့သမျှ လူတော်တော်များများက ကျွန်တော်တို့ကို Defensive Mode ကနေပဲ ဆက်ဆံနေတယ်။ ဒါပေမဲ့ ပြည်သူလူထုကို ပွင့်လင်းမြင်သာမှုရှိရှိ ရင်ဆိုင်နိုင်ဖို့လိုတယ်။ လက်ရှိအချိန်အထိ အဲဒီအပိုင်းမှာ အားနည်းနေတယ်လို့ မြင်တယ်’’ ဟု ဒေါက်တာရန်မျိုးသိန်းက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် အဂတိ တိုက်ဖျက်ရေးအား လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောကြားမှုများ ရှိခဲ့သော်လည်း လက်ရှိ ရက် ၁၀၀ စီမံကိန်း ကာလအတွင်း လာဘ်စားမှုနှင့်ပတ်သက်၍ တိတ်ဆိတ်နေသည်။
‘‘ရက် ၁၀၀ ကာလအတွင်း ကြည့်မယ်ဆိုရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် ပြောသံမကြားရဘူး။ အရင်အစိုးရလက်ထက်မှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဥပဒေတွေ နည်းဥပဒေတွေ ပြဋ္ဌာန်းခဲ့ပြီးပြီ။ ဒါပေမဲ့ ပြည်သူလူထု ဒီနေ့အထိ ထမ်း ပိုးနေရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးဟာ ဒီအဂတိ လိုက်စားမှုကြောင့်ပါ။ အစိုးရရဲ့ ရက် ၁၀၀ ကာလအတွင်းမှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ အခြေခံကောင်းတွေ ချနိုင်ခဲ့မယ်ဆိုရင် ဒီအစိုးရတွေဟာ အတိုင်းအတာတစ်ခုအထိ အားကောင်းလာမယ် သုံးသပ်တယ်။
ရက် ၁၀၀ စီမံကိန်းနှင့်ပတ်သက်၍ အစိုးရ မဖြစ်လာမီအချိန်ကပင် ရေးဆွဲရမည်ဖြစ်ကြောင်းနှင့် အစိုးရ ဖြစ်လာမည့်အချိန်တွင်မှ စတင်စဉ်းစားပါက မှားယွင်းကြောင်းနှင့် အားနည်းချက် အကြီးကြီးဖြစ်သည်ဟု ရှုမြင်သည်ဟု ဒေါက်တာရန်မျိုးသိန်းက ဆွေးနွေးသည်။ ထို့ပြင် အစိုးရအနေဖြင့် CSO နှင့် CBO များကို အလေးထားဆက်ဆံ၍ ကုန်ကြမ်းများ စုဆောင်းထားသင့်သည်ဟု ဆက်လက်ပြောကြားသည်။
‘‘ပြည်သူလူထုကို ကိုယ်စားပြုပြီး စဉ်းစားတဲ့အခါမှာ ပြည်သူကြားမှာ အလုပ်လုပ်နေတဲ့ စီအက်အိုတွေကို တန်ဖိုးထားဖို့ လိုတယ်။ ပြည်သူလူထု အသံတွေကို CSO တွေ CBO တွေဆီက မရနိုင်ဘူးလား။ CSO တွေ CBO တွေကို ဒီလူတွေက လူထုကို ဘယ်လောက်အထိ ကိုယ်စားပြုလို့လဲဆိုတဲ့ အမြင်နဲ့ ချဉ်းကပ်နေရင် အစိုးရတစ်ရပ်အနေနဲ့ မသင့်တော်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်တယ်။ အမှန်တကယ်က CSO တွေ CBO တွေက လူထုရဲ့ ငါးရာခိုင်နှုန်းပဲ ကိုယ်စားပြုပြု ၁၀ ရာခိုင်နှုန်းပဲ ကိုယ်စားပြုပြု အစိုးရအနေနဲ့ တန်ဖိုးထားဖို့ လိုတယ်လို့ မြင်တယ်။ အဲဒီအမြင်တွေက အစိုးရအတွက် ကုန်ကြမ်းဖြစ်လာမယ်လို့မြင်တယ်’’ ဟု ဒေါက်တာရန်မျိုးသိန်းက ဆက်လက်ပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲတွင် နော်ပန်းသဉ္ဇာမျိုးက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ ကျူးကျော်များ နေရာပေးရေး၊ အမှိုက်သိမ်းစနစ်နှင့် ရေကြီးရေလျှံမှုများနှင့် ယာဉ်ကြောပိတ်ဆိုမှုများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲကြေညာစာတမ်းနှင့် ပတ်သက်၍ အဓိကဆွေးနွေးခဲ့ပြီး လက်ရှိ ၂၀၁၅ ရွေးကောက်ပွဲ၏ မူဝါဒ ဦးစားပေးမှာ ငြိမ်းချမ်းရေးရရှိရေးနှင့် ပိုမိုကောင်းမွန်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ဒေါက်တာရန်မျိုးသိန်း၏ ပြောကြားချက်များနှင့် ပတ်သက်၍ အစိုးရအဖွဲ့တွင် ပညာရှင်နှင့် နိုင်ငံရေးသမားများ ပါဝင်၍ စနစ်တကျ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ပညာရှင်လေးဦးနှင့် နိုင်ငံရေးသမားလေးဦး ပါဝင်ကြောင်း၊ ပြည်သူများကြားမှ ပေါက်ဖွားလာသည့် ပြည်သူ့အစိုးရစစ်စစ်အနေနှင့် ပြည်သူများ၏ ခံစားချက်များကို သိရှိကြောင်း တုံ့ပြန်ခဲ့ပြီး ရက် ၁၀၀ စီမံကိန်းမှာလည်း အစိုးရသစ် ငါးနှစ်အတွက် အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်နိုင်ရန် အင်ဂျင်နှိုးခြင်းသာဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ထို့ပြင် သူမက စစ်အာဏာရှင် မျိုးဆက်အောက်မှ မတ် ၃၀ ရက်အတွင်းမှာ လွတ်မြောက်ခဲ့သည့် မြန်မာနိုင်ငံသားများအတွက်’’ ဒီငါးနှစ်အတွင်းမှာ နောင်အာဏာရှင်စနစ် ပြန်ပေါ်မလာအောင် ဖောင်ဒေးရှင်းတစ်ခု ခိုင်ခိုင်မာမာ လုပ်သွားမယ်’’ ဟု ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
