Top News

ရွှေကိုမလို ငွေကိုမလို ငြိမ်းချမ်းရေးကိုသာ လိုသည်
24htopnews | December 3, 2024 12:13 AM CST

တစ်ရက်က ကိုယ့်လမ်းထဲမှာ မိသားစုဝင် အချင်းချင်း အချိန်မတော်ကြီးထပြီး ရန်တွေဖြစ်ကြတော့ တစ်လမ်းလုံး အထိတ်တလန့်နဲ့ ထွက်ပြီး ကြည့်ကြ မနေသာတဲ့လူတွေကလည်း အပြေးအလွှားဝင်ပြီး ဆွဲကြနဲ့ ကမ္ဘာပျက်နေတဲ့အတိုင်း ဆူညံ ပွက်လောရိုက်နေတော့တာပါပဲ။ ပြောရရင် မိသားစုဝင်အချင်းချင်း ရန်ဖြစ်ကြတယ်ဆိုပေမယ့် သည်ရန်ပွဲက ပတ်ဝန်းကျင်ကိုလည်း အနည်းနဲ့အများ ရိုက်ခတ်တာပါပဲ။ ကိုယ်တောင် အိပ်ပျော်နေရာက လန့်နိုးသွားပြီး တော်တော်နဲ့ ပြန်အိပ်လို့ မပျော်တော့ဘူး။
ဒါတောင် လမ်းထဲက ရိုးရိုးရန်ပွဲကလေးတစ်ခုပဲ ရှိပါသေးတယ်။ ခုနေခါ တိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသတွေမှာ ဖြစ်နေတဲ့ စစ်ပွဲတွေလို လက်နက်ကြီးတွေနဲ့ တဝုန်းဝုန်း သေနတ်တွေနဲ့ တဒိုင်းဒိုင်း ပစ်နေမယ်ဆိုရင်တော့ လူတွေ နေစရာတောင် ရှိမှာ မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး တစ်လောက လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စကားလေးတစ်ခွန်းကို သွားပြီးအမှတ်ရမိပါတယ်။ “နေ့စဉ် ငြိမ်းချမ်းရေး မရတဲ့အတွက် ဒုက္ခခံနေရသည့် နိုင်ငံသားများအတွက် တစ်ရက် ၂၄ နာရီဆိုတာ နည်းတဲ့အချိန် မဟုတ်ပါဘူး” ဆိုသလို စစ်ပွဲဖြစ်ရာဒေသတွေကို စွန့်ခွာပြီး ထွက်ပြေး ခိုလှုံနေရတဲ့ ကိုယ့်နိုင်ငံသားတွေရဲ့ ဒုက္ခက ကိုယ်ချင်းစာတတ်ရင် သနားစရာပါ။
ခုနေခါ ကိုယ့်ပတ်ဝန်းကျင်က တိုင်းပြည်တွေကို ပြန်ပြီးငဲ့ကြည့်ရင် ကိုယ့်နိုင်ငံထက် အစစအရာရာ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတွေရဲ့ဘဝတွေ အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင် စားသောက်လာနိုင်ကြတာကို တွေ့ရမှာပါ။ သူတို့တွေဟာ ကိုယ့်နိုင်ငံထက် လွတ်လပ်ရေး ရတာလည်း နောက်ကျကြတယ်။ ဒါ့အပြင် သူတို့တိုင်းပြည်တွေမှာလည်း ပြည်တွင်းစစ်ကာလတွေကို ခါးသီးစွာ ကြုံခဲ့ရတာပါပဲ။ ဒါ ပေမဲ့ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးအပေါ် စေတနာထားပြီး ငြိမ်းချမ်းရေးကို အရယူနိုင်ခဲ့ တော့ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တိုးတက်လာကြတာ လက်တွေ့မျက်မြင်ပဲ။
ကိုယ့်တိုင်းပြည်မှာကတော့ လွတ်လပ်ရေးရပြီးကတည်းက ပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်မီးဟာ ခုထက်ထိကို မငြိမ်းနိုင်သေးဘူး။ ဘာကြောင့်များ ဒါလောက် အငြိုးတကြီး သဲကြီးမဲကြီး တိုက်နေကြသလဲလို့ တွေးကြည့်တော့လည်း ဖြစ်နေပုံက သူများတိုင်းပြည်တွေမှာလို တိုင်းတစ်ပါးက ကျူးကျော်လာလို့ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို ကာကွယ်ဖို့ တိုက်နေကြတာလည်း မဟုတ်ဘူး။ လူမျိုးအ ချင်းချင်း မုန်းတီးလို့ ဒါမှမဟုတ် ဘာသာရေးကို အခြေခံပြီး ဖြစ်နေတဲ့ စစ်ပွဲတွေလည်း မဟုတ်ဘူး။ ဆွဲကိုင်ထားတဲ့ ဝါဒကြောင့် အယူအဆမတူကြသူချင်း တိုက်နေရတာလည်း မဟုတ်ဘူး။ အရင်ကတော့ အုပ်ချုပ်သူအစိုးရရဲ့တစ်ဖက်စောင်းနင်း ပြုမူပုံကို မကျေနပ်လို့ လက်နက်စွဲကိုင်ပြီး တိုက်ခိုက်ကြတာ ဆိုပေမယ့် နောက်တော့ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာတာကို အခွင့်အရေးယူပြီး လက်နက်ကိုင် အဖွဲ့တွေထူထောင် နောက်တော့ တစ်ဆင့်တက်ပြီး လက်နက်ကိုင် အဖွဲ့အချင်းချင်း နယ်မြေလုကြရာက ခုတော့ အစိုးရကိုမှ မဟုတ်တော့ဘူး။ လက်နက်ကိုင် အချင်းချင်းလည်း တိုက်နေကြတော့တာပဲ။ သူတို့ဖြစ်နေပုံကိုကြည့်ပြီး ငယ်ငယ်က ချောင်းထဲမှာ ရေဆင်းချိုးကြတဲ့ သူငယ်ချင်းတွေ လူခွဲပြီး ရွှံ့နဲ့ စစ်တိုက်တမ်း ကစားကြတာကို သွားပြီး အမှတ်ရမိတယ်။ အဲဒီလို ရွှံ့နဲ့ပေါက်ပြီး စစ်တိုက်တမ်း ကစားကြတဲ့အခါ သူတွေ့လည်း ရန်သူ၊ ကိုယ့်တွေ့လည်း ရန်သူ မြင်လေသမျှ ရန်သူချည်းလို သဘောထားပြီး ရွှံ့နဲ့ပေါက်ကြတော့တာပဲ။ နောက်ဆုံး ရွှံ့နဲ့တိုက်တဲ့ စစ်ပွဲပြီးသွားတဲ့အခါ သူ့မျက်လုံးလည်း ရွှံ့ခဲမှန်လို့ ရဲရဲနီ၊ ကိုယ့်ခေါင်းလည်း ရွှံ့ခဲမှန်လို့ ဘုသီးထ ဘယ်သူမှ ဘေးကင်းတယ်လို့ မရှိကြဘူး။
ခုလည်း သည်ပုံစံလိုပဲ မြန်မာပြည်မှာ တိုင်းရင်းသားတိုင်းလိုလို လက်နက်ကိုင်အဖွဲ့မရှိတဲ့သူက ရှားတယ်။ လက်နက်ကိုင်ပြီး တိုက်ခိုက်မှ ခေတ်မီသလိုကို ဖြစ်နေတော့ ခက်တယ်။ လက်နက်ကိုင်အဖွဲ့တွေ ရှိနေတော့ အုပ်ချုပ်တဲ့ အစိုးရခမျာလည်း တိုင်းရင်းသားတွေ နေထိုင်ရာဒေသတွေမှာ ဒေသဖွံ့ဖြိုးရေးတွေ လုပ်ဖို့ခက်လာတယ်။ တရားဥပဒေစိုးမိုးမှုတွေ ကင်းမဲ့နေတော့ အဲဒီဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ဘဝကလည်း အေးချမ်းလုံခြုံပြီး စိတ်ချရတဲ့ အနေအထားမှာ မရှိတော့ဘူး။ အဆိုးဆုံးကတော့ စစ်ပွဲတွေကြောင့် လူငယ်တွေနဲ့ မိသားစုတွေရဲ့ အနာဂတ် ပျောက်ဆုံးနေကြရတာပါပဲ။
ပထမတော့ လက်နက်စွဲကိုင်ပြီး တိုက်ခိုက်ကြရတာဟာ ကိုယ့်လူမျိုး ကိုယ့်ဒေသ အေးချမ်းသာယာဖို့ တန်းတူညီမျှဖို့အတွက် ကြွေးကြော်ပြီး တိုက်ကြခိုက်ကြတာပါပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ စစ်ပွဲတွေကြောင့် ကိုယ့်ဒေသလည်း မအေးချမ်းတော့ဘူး။ ကိုယ့်လူမျိုးတွေလည်း ဒုက္ခအမျိုးမျိုးနဲ့ ကြုံရတယ်။ တရားဥပဒေ စိုးမိုးမှုကင်းမဲ့တဲ့ ဒေသတွေမှာ လူ့အခွင့်အရေး ဆိုတာလည်း မရှိနိုင်တော့ တိုင်းပြည်နဲ့အဝန်း တန်းတူညီမျှ တိုးတက်ဖို့ဆိုတာလည်း လက်တွေ့မှာ ဖြစ်လာနိုင်စရာ အကြောင်းမရှိတော့ပါဘူး။
တွေးကြည့်ရင် တိုင်းပြည်လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်မီးကြောင့် တိုင်းပြည်မှာ ဘာအကျိုးကျေးဇူးမှ ရှိမလာခဲ့တာလည်း အားလုံးအမြင်ပါပဲ။ အကျိုးကျေးဇူး မရှိတဲ့အပြင် အနာဂတ်မှာ တိုင်းပြည်အတွက် အားထားရမယ့် လူငယ်တွေတောင်မှ စစ်ပွဲတွေအတွင်း အသက်တွေ ပေးပြီး စတေးခံခဲ့ရသလို မိသားစုဘဝတွေ ပျက်စီးခဲ့ရတာသာ အဖတ်တင်ခဲ့ရတာပါ။ တိုင်းပြည်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ အမျိုးမျိုးပေါ်လာတော့ တိုင်းတစ်ပါး ရန်ကိုကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ တပ်မတော်ကလည်း နယ်မြေအေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အကြောင်းပြုပြီး စစ်ဆင်ရေးတွေ လုပ်နေကြရတယ်။ ခုနောက်ပိုင်းဆို ပြည်သူတွေရဲ့ဆန္ဒအရ ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီ အရပ်သားစစ်စစ် အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီမို့ တပ်မတော်အနေနဲ့လည်း ဒီမိုကရေစီ အစိုးရသစ်ကို ကူညီပြီး လက်တွဲ လုပ်ဆောင်သွားမယ်လို့ ပြောဆိုလာတာကြောင့် လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ သည်အခွင့်အရေးကို လက်လွတ်မခံဘဲ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ ငြိမ်းချမ်းရေး စားပွဲဝိုင်းကို ရောက်လာကြသင့်တဲ့ အချိန်ပါပဲ။
တကယ်တော့ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖွဲ့ပြီး ကိုယ့်အကျိုးစီးပွားကို ရအောင်လုပ်တဲ့ကိစ္စပါ။ ကွယ်လွန်သူ စာရေးဆရာကြီး ဒဂုန်တာရာပြောသလို နိုင်ငံရေးမှာ ထာဝရရန်သူဆိုတာ မရှိပါဘူး။ ထာဝရမိတ်ဆွေပဲ ရှိပါတယ်။ ကိုယ့်တိုင်းပြည်ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အကျိုးရှိမယ့်ကိစ္စမျိုးမှာ ရန်သူကို လက်ဆွဲနှုတ်ဆက်ပြီး စားပွဲဝိုင်းမှာ အတူတူထိုင်ပြီး ဆွေးနွေးကြတယ်ဆိုတာ အဆင့်မြင့်ဆုံး နိုင်ငံရေး လုပ်နည်းတစ်မျိုးပါပဲ။ သည်လိုမှ မဟုတ်ဘဲ လက်နက်ကိုင်ပြီး တိုက်ခိုက်မှ တကယ့်တော်လှန်ရေး အစစ်လို့ ထင်နေရင်တော့လည်း နောက်ဆုံးမှာ အဲဒီလို ကြွေးကြော်ခဲ့သူတွေပဲ နိုင်ငံရေးကျဆုံးခန်းကို တွေ့ကြုံကြရမှာဖြစ်ပြီး သမိုင်းတရားခံတွေအနေနဲ့ မှတ်တမ်း အတင်ခံရမှာပဲဖြစ်ပါတယ်။ ရှေ့မှာလည်း သင်ခန်းစာအဖြစ်နဲ့ မြင်ခဲ့ရဖူးပါပြီ။
ယခင်က အစိုးရအဖွဲ့နဲ့ အုပ်ချုပ်သူတွေရဲ့ တစ်ဖက်စောင်းနင်းကျတဲ့ လုပ်ရပ်တွေကြောင့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြီး လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြတယ်ဆိုရင်လည်း ခုနေခါမှာတော့ အစိုးရကလည်း ပြည်သူလူထုက လိုလားလို့ တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာပြီမို့ မကျေနပ်ချက်တွေကို တရားဥပဒေဘောင်အတွင်းက ဒါမှမဟုတ် လိုအပ်ချက်တွေကို ပြည်သူအများသိအောင်ချပြပြီး လွှတ်တော်ရဲ့အတည်ပြု ထောက်ခံချက်ရယူကာ အေးအေးချမ်းချမ်းနဲ့ ဆောင်ရွက်ကြဖို့ စိတ်ထားတွေကို ပြင်သင့်ကြပါပြီ။ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်သင့်ကြပါပြီ။
ပြည်သူတွေကတော့ မငြိမ်းချမ်းနိုင်တဲ့ ပြည်တွင်းစစ်ပွဲတွေကို စိတ်ကုန်နေကြပါပြီ။ ဒေသတွင်း ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် မိမိရပ်ရွာကို စွန့်ခွာပြီး ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် ပြည်သူတွေကလည်း ကိုယ့်နေရင်း ဒေသကိုပြန်ပြီး အေးအေးချမ်းချမ်း လုပ်ကိုင်ရှာဖွေ စားသောက်ချင်နေကြပါပြီ။ စာသင်ခန်းတွေထဲမှာ စာအုပ်နဲ့ဘောပင်ကို ကိုင်ပြီး အေးအေးချမ်းချမ်း ပညာသင်နေရမယ့်အချိန်မှာ သေနတ်မောင်းခလုတ်ပေါ်ကို လက်တင်ပြီး တိုက်ပွဲဝင်ဖို့ အဆင်သင့်ပြင်နေကြရတဲ့ လူငယ်တွေခမြာလည်း စာသင်ခန်းထဲကို အမြန်ပြန်ပြီး ဝင်ချင်နေကြပါပြီ။ ဒါ့အပြင် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး အဘက်ဘက်က တိုးတက်ဖို့ ဟန်ပြင်နေတဲ့နိုင်ငံကလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို စတင်ခြေချပြီး အမြန်လျှောက်ဖို့ အားယူနေပါပြီ။ သည်လိုအချိန်မှာ ပြည်သူတွေအားလုံးရဲ့ရင်ထဲက ဆန္ဒအမှန်ကို မော့ကြည့်မယ်ဆိုရင် အများစု ပြည်သူတွေက ရွှေကိုလည်း မလိုချင်ပါဘူး။ ငွေကိုလည်း မလိုချင်ပါဘူး။ ငြိမ်းချမ်းရေးကိုသာ အရယူပေးပါလို့ ပြောကြမှာမလွဲပါဘူး။
ဒါကြောင့် ရွှေကိုမလို ငွေကိုမလို ငြိမ်းချမ်းရေးကိုသာ လိုချင်တဲ့ ပြည်သူတွေရဲ့ ရင်ထဲကဆန္ဒကို အလေးထားပြီး ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်ကြပါလို့ မေတ္တာရပ်ခံချင်မိတာပါပဲ။


READ NEXT
Cancel OK