Top News

မိုက်ဒင်း အသက်အန္တရာယ်ခြိမ်းခြောက်ခံရပြီးနောက် အနာဂတ်တွင် ဒိုင်များ အသတ်ခံရသည့်ဖြစ်ရပ် ဖြစ်လာနိုင်သည်ဟု ဒိုင်အဖွဲ့ချုပ်ဥက္ကဋ္ဌ သုံးသပ်
24htopnews | December 3, 2024 2:12 AM CST

အင်္ဂလန်ဒိုင်လူကြီးများအဖွဲ့ချုပ်၏ဥက္ကဋ္ဌဖြစ်သူ ပေါလ်ဖီးလ်က တစ်နေ့နေ့တစ်ချိန်ချိန်တွင် ပရီးမီးယားလိဂ်ဒိုင်လူကြီးများအနေဖြင့် အမှန်တကယ်အသတ်ခံရသည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

အင်္ဂလန်နာမည်ကျော်ဒိုင်လူကြီးတစ်ဦးဖြစ်သူ မိုက်ဒင်း(၅၂ နှစ်)နှင့် သူ၏မိသားစုထံ အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ရောက်ရှိလာခဲ့ပြီးနောက် ယင်းအကြောင်းအရာနှင့်ပတ်သက်၍ ပေါလ်ဖီးလ်က သုံးသပ်ဝေဖန်ခဲ့ခြင်းဖြစ်သည်။

မိုက်ဒင်းသည် ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သော ဖူလ်ဟမ် (၀-၀) ဝက်စ်ဟမ်းပွဲတွင် ဝက်စ်ဟမ်းအသင်း၏ ချက်ကွင်းလယ်လူ ရှူချက်ခ်အား တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့သလို၊  ဖေဖော်ဝါရီ(၂)ရက်နေ့က ကစားခဲ့သော မန်ယူ(၉-၀)ဆောက်သမ်တန်ပွဲတွင်လည်း ဆောက်သမ်တန်အသင်း၏ ပိုလန်နောက်ခံလူ ဘတ်နာရက်ခ်ကို တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။

ယင်းဖြစ်ရပ်(၂)ခုစလုံး၌ သူ၏ဆုံးဖြတ်ချက်များမှာ အငြင်းပွားဖွယ်ရာများဖြစ်ခဲ့သလို၊ ယင်းအနီကတ်များအတွက် ကစားသမားများနှင့် သက်ဆိုင်ရာကလပ်အသင်းများက အယူခံဝင်ရာတွင် အယူခံအောင်မြင်ခဲ့ပြီး ယင်းအနီကတ်ပြစ်ဒဏ်များကို ပယ်ဖျက်ပေးခဲ့ရသည်။

သို့ဖြစ်ရာ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲဆက်တိုက် လွဲမှားသည့်ဆုံးဖြတ်ချက်များချမှတ်ခဲ့သော မိုက်ဒင်းအား ပရိသတ်အချို့ထံမှ အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ရောက်ရှိလာခဲ့ပြီး မိုက်ဒင်းကလည်း သူ့အား ယခုတစ်ပတ်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် တာဝန်မပေးရန် တောင်းဆိုခဲ့သည်။

သို့ဖြစ်ရာ ဒိုင်လူကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ ပေါလ်ဖီးလ်က ဒိုင်လူကြီးများကို ယခုထက်ပို၍ အကာအကွယ်ပေးသင့်ကြောင်းနှင့် အနာဂတ်ကာလတွင် ဒိုင်လူကြီးများအနေဖြင့် အမှန်တကယ် အသတ်ခံရသည့် ဖြစ်ရပ်မျိုးဖြစ်ပေါ်လာလိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ထို့ပြင်  ဒိုင်များကို မကျေမနပ်ဖြင့် ခြိမ်းခြောက်သည့် ပြဿနာများမှာလည်း အနာဂတ်တွင် ပိုမိုကြီးထွားလာလိမ့်မည်ဖြစ်ကြောင်း ပေါလ်ဖီးလ်က သတိပေးခဲ့သည်။

''ဘောလုံးဆိုတာ လူ့အဖွဲ့အစည်းရဲ့ ရောင်ပြန်ပုံရိပ်တစ်ခုပါ။ ကျွန်တော်တို့အနေနဲ့ ဒီအဖွဲ့အစည်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အားနည်းချက်တွေကို ဘောလုံး၊ ပညာရေးတွေနဲ့ပဲ ကုသလို့မရနိုင်ပါဘူး။ ကျွန်တော်ယူဆတာကတော့ အခုလိုဖြစ်ပေါ်နေတာတွေကို ထိထိရောက်ရောက်၊ ပြင်းပြင်းထန်ထန်ဟန့်တားဖို့ လိုအပ်ပါတယ်။ ဒါမှ လူတွေအနေနဲ့ လုပ်သင့်၊ မလုပ်သင့်ဆိုတာကို ခွဲခြားလို့ရနိုင်မှာပါ။ လန်ဒန်အိုလံပစ်ကွင်းထဲကို ဝင်လာပြီး ထောင့်ကန်ဘောက အလံတိုင်ကို ပယ်နယ်တီစည်းမှာ စိုက်တဲ့လူတစ်ယောက်ကို ပွဲကြည့်ခွင့်(၁၀)နှစ်အထိ ပိတ်ပင်တဲ့ပြစ်ဒဏ်မျိုး ချမှတ်တာက မသင့်တော်ပါဘူး'' ဟု ပေါလ်ဖီးလ်က ပြောကြားခဲ့သည်။

ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့ချုပ်၏ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ မိုက်ရီလေးကလည်း ယင်းကဲ့သို့ အသက်အန္တ ရာယ်ခြိမ်းခြောက်မှုများမှာ လက်ခံနိုင်စရာမရှိကြောင်းနှင့် ယင်းခြိမ်းခြောက်မှုအား ရဲတပ်ဖွဲ့သို့ သတင်းပေးတိုင်ကြားခဲ့သည့် မိုက်ဒင်း၏လုပ်ရပ်ကို အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မာဆေးဆိုက်ဒ်တွင်နေထိုင်ပြီး ဇနီးဖြစ်သူ ကာရမ်နှင့် သမီး(၂)ဦးရှိသူ မိုက်ဒင်းသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကစားခဲ့သော FA ဖလားပွဲစဉ် လက်စတာ - ဘရိုက်တန်ပွဲတွင်မူ ကွင်းလယ်ဒိုင်အဖြစ်တာဝန်ယူသွားခဲ့ကြောင်း သိရှိရသည်။


READ NEXT
Cancel OK