Top News

လူမျိုးရေးခွဲခြားခံရခြင်းများအား ရဲထံတိုင်ကြားလျှင် ပိုမိုတိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် အကြံပြုချက်များကို ကစားသမားအချို့ လျစ်လျူရှု
24htopnews | December 3, 2024 2:12 AM CST

ပရီးမီးယားလိဂ်ရှိ လူမည်းကစားသမားအချို့သည် လူမျိုးရေးခွဲခြားခံရပါက လုပ်ဆောင်ရမည့် အကြုံပြုချက်များထဲမှအချို့ကို လိုက်လံပြုလုပ်ခြင်းမရှိဘဲ လျစ်လျူရှုခဲ့ကြကြောင်း သိရှိရသည်။

လူမှုကွန်ရက်စာမျက်နှာများတွင် လူမျိုးရေးခွဲခြားမှုခံခဲ့ရပါက ကစားသမားများအနေဖြင့် လုံးဝသည်းခံမနေဘဲ ရဲတပ်ဖွဲ့ထံ ချက်ချင်းသတင်းပေးတိုင်ကြားရန် ပရီးမီးယားလိဂ်တာဝန်ရှိသူများက တိုက်တွန်းထားသည်။

ပရီးမီးယားလိဂ်တွင် လူမျိုးရေးခွဲခြားမှုကို နည်းနည်းမှလက်မခံသည့် Zero-Tolerance မူဝါဒများအရ ကစားသမားများကို ယင်းကဲ့သို့ ညွှန်ကြားထားခြင်း ဖြစ်သည်။

သို့သော် ယင်းကဲ့သို့ ရဲတပ်ဖွဲ့ထံတိုင်ကြားပါက ပရိသတ်များထံမှ ပိုမိုဆိုးရွားသည့် တိုက်ခိုက်မှုများ ထပ်မံပေါ်ပေါက်လာနိုင်သည့်အတွက် ပရီးမီးယားလိဂ်ကစားသမားအချို့မှာ ယင်းအကြံပြုချက်ကို လက်မခံလိုကြောင်း သိရှိရသည်။

ယခင်ကလည်း ယင်းကဲ့သို့ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းကြောင့် ပိုမိုဆိုးရွားသည့် တိုက်ခိုက်မှုများ ရှိခဲ့ဖူးကြောင်း သိရသည်။

ကစားသမားများနှင့် နီးစပ်သူတစ်ဦးက ''ကစားသမားတချို့အနေနဲ့ လူမျိုးရေးခွဲခြားခံရတာကို နက်နက်ရှိုင်းရှိုင်းခံစားရပေမဲ့ သူတို့က ဒါကိုရှေ့ဆက်မသွားတော့ဘဲ မေ့ဖျောက်ချင်တဲ့စိတ် ရှိကြပါတယ်။ သူတို့ကို နောက်ထပ် တိုက်ခိုက်မှုတွေ ထပ်ရှိလာမှာကို မလိုလားကြပါဘူး''ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ကစားသမားအချို့က လူမှုကွန်ရက်ဝက်ဘ်ဆိုက်ကုမ္ပဏီများအား လူမျိုးရေးခွဲခြားမှုများကို  ပိုမိုကာကွယ်တိုက်ဖျက်ပေးရန် တောင်းဆိုလျက်ရှိသည်။


READ NEXT
Cancel OK