စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၊ ခန္တီးရတနာနယ်မြေ၊ ပတ်တာဘွန်ပယင်းမှော်တွင် ပယင်း လက်လုပ်လက်စားလုပ်ကွက် ၃၇၀ ကွက်လျာထားသော်လည်း လာရောက်လျှောက်ထားသူဦးရေ ၁၀၀ ကျော်ခန့်သာရှိကြောင်း သိရသည်။
ပတ်တာဘွန်ပယင်းမှော်တွင် ပယင်းလက်လုပ်လက်စား တူးဖော်ခွင့် လျှောက်ထားနိုင်ရန်အတွက် ပယင်း လက်လုပ်လက်စားတူးဖော်ခွင့်လျှောက်လွှာများကို ခန္တီးမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) တွင် ဧပြီ ၃ ရက်မှ မေ ၂ ရက်အထိ ထုတ်ယူနိုင်ပြီး ဧပြီ ၉ ရက်မှ မေ ၈ ရက်အတွင်း ထိုရုံးတွင်ပင် လျှောက်လွှာများ ပြန်လည်တင်သွင်းနိုင်ကြောင်း သက်ဆိုင်ရာမှ အသိပေးကြေညာခဲ့ပြီး လျှောက်လွှာပြန်လည်တင်သွင်းသူ ၁၀၀ ကျော်ခန့်သာရှိကြောင်း ခန္တီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်၏ ပြောကြားချက်အရ သိရသည်။
“ပယင်း လက်လုပ်လက်စားတူးဖော် လျှောက်ထားခွင့် ရောင်းရတဲ့လျှောက်လွှာ ၃၇၆ စောင်မှာ လျှောက်လွှာ ပြန်လာတင်တာ က ၁၃၈ စောင်ရှိတယ်။ ကျွန်တော်တို့ချပေးတာ ၁ ဧကလုပ်ကွက်လေ။ သူတို့တူးတာက လေးပေကျင်းကို အောက်စိုက်ပြီးဖောက်တူးတာ ဆိုတော့ အချင်းချင်း ၁ဝယောက်တစ်တွဲ ပြန်စုကြ ညှိကြတာပေါ့။ စုပြီးမှပြန်တင်လို့ အဲဒါကြောင့် ပြန်နည်းသွားတာ။ ပယင်းက ကျောက်စိမ်းတူးသလို ဘက်ဟိုးတွေနဲ့လည်း သုံးပြီးတူးလို့ မရဘူးလေ။ သူတို့က လေးပေကျင်းနဲ့ အောက်ကိုစိုက်တူးသွားပြီး အကြော တွေ့ပြီဆိုမှ ဘေးကိုပတ်ပြီးလိုက်တာ အဲဒီလိုတူးတာလေ။ သူတို့က ၁ ဧကဆိုရင် ၁၀ ကွက်၊ ၁၂ ကွက်လောက် အေးဆေးလုပ်လို့ရတယ်။ အဲဒီလိုဆိုတော့ သူတို့အချင်းချင်းညှိ လူပြန်စုပြီးမှတင်တော့ နည်းသွားတာ” ဟု ဦးခင်မောင်ဆင့်က ပြောကြားသည်။
ပတ်တာဘွန်းပယင်းမှော်တွင် ချထားပေးမည့် သက်ဆိုင်ရာမှ ပြထားသည့်မြေပုံပေါ်မှ လုပ်ကွက်နေရာအချို့သည် မြေပြင်နှင့် ကွဲလွဲမှုရှိနေသည့်အပြင် မြေပြင်ပေါ်တွင် အကွက်နမူနာ ရိုက်ပြခြင်းမရှိသဖြင့် လျှောက်ထားရန် အခက်အခဲရှိကြောင်း လက်ရှိ ပယင်း တူးဖော်နေသူများ၏ ပြောကြားချက်အရ သိရသည်။
“ပယင်း လက်လုပ်လက်စားတူးခွင့် တရားဝင်လျှောက်လို့ရပြီဆိုလို့ အကုန်လုံးက ဝမ်းသာအားရ သွားကြည့်တယ်။ ရုံးမှာပြထားတဲ့ လုပ်ကွက်နေရာမြေပုံကို သွားကြည့်တော့ လုပ်ကွက်နေရာတွေကို နားမလည် တာရယ် တချို့လုပ်ကွက်နေရာတွေက မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတာရယ်ကြောင့် အကုန်လုံး ဇဝေဇဝါဖြစ်ကုန်တယ်။ ဥပမာ တချို့လုပ်ကွက်နေရာတွေဆိုရင် မြေပြင်မှာ ဘုန်းကြီးကျောင်းနဲ့ တဲအိမ်တွေရှိနေတယ်။ နောက်ပြီး အဓိက အခက်အခဲက ကိုယ်တူး လက်စကျင်းနေရာက ဘယ်လုပ်ကွက်မှာပါ နေသလဲ မသိရတာပဲ။ မြေပြင်အခြေကျွမ်း ကျင်တဲ့ လက်ရှိတူးနေတဲ့လူတွေအကုန်လုံး ကိုယ်တူးနေတဲ့ တူးလက်စကျင်းက ဘယ်လုပ်ကွက်မှာပါနေသလဲ ဘယ်သူမှမသိဘူး။ မြေပုံနဲ့ မြေပြင်က ကွဲလွဲနေတော့ ခန့်လည်း မခန့်မှန်းတတ်ကြဘူး။ ဒါကြောင့် သက်ဆိုင်ရာကို ကျွန်တော်တို့က တောင်းဆိုတယ်။ တစ်ကွက်၊ နှစ်ကွက်လေးဖြစ်ဖြစ် မြေပြင်မှာ ဥပမာအနေနဲ့ လာရိုက်ပေးပါ ဒါဆိုရင် ခန့် မှန်းလို့ရတယ်လို့ပြောပေမယ့် မရိုက်ပေးကြဘူး။ အခုတော့ ကိုယ့်ကျင်းက ဘယ်အကွက်မှာ ပါနေလဲမသိတော့ တချို့လည်း လျှောက် လွှာတော့ဝယ်ပေမယ့် မတင်ပဲ ပြန်သွားကြတယ်။ တချို့လည်း ဥပဒေအရ ကိုယ့်ဘက်က တာဝန်ကျေဆိုပြီး တင်သွားကြတာ။ လေလံဆွဲလို့ ကိုယ်တူးလက်စကျင်းက သူများရသွားရင်၊ ကိုယ်ရတဲ့နေရာနဲ့ တူးလက်စကျင်းက တခြားစီဖြစ်နေရင် ပြဿနာဖြစ်ကြမှာ။ ပယင်းတူးတယ်ဆိုတာ အခုချက်ချင်းတူး အခုချက်ချင်း ပယင်းထွက်တာ မဟုတ်ဘူး။ နှစ်နှစ်၊ သုံးနှစ်အပင်ပန်းခံတူးပြီးမှ အကြောနေရာ ရောက်တာ အဲဒီလောက်ကြာမှ ပယင်းရတာ။ အဲဒီလို လူအပင်ပန်းခံ၊ ငွေကုန်ခံပြီး တူးထားတဲ့ ကိုယ့်ကျင်းနေရာကို ဘယ်သူမှမပေးချင်ဘူးလေ။ လျှောက်ချင်ကြပေမယ့် နားမလည်လို့ မလျှောက်ပဲ ပြန်သွားကြတဲ့လူတွေ အတော်များတယ်” ဟု လက်ရှိပယင်းတူးဖော်နေသူများက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး လုပ်ကွက် စိစစ်ချထားပေးရေး အဖွဲ့မှ ခန္တီးရတနာနယ်မြေတွင် ကျောက်မျက်ရတနာများတိုးမြှင့်ထုတ်လုပ်ရေး၊ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသား ဒေသခံများအနေဖြင့် မြန်မာ့ကျောက်မျက် ရတနာဥပဒေနှင့်အညီ ခန္တီးမြို့နယ်၊ ခန္တီးရတ နာနယ်မြေ ပတ်တာဘွန်းပယင်းမှော်တွင် ပယင်း လက်လုပ်လက်စား တူးဖော်ခွင့်ချထား ပေးခဲ့ခြင်းဖြစ်ပြီး လျှောက်ထားသည့်လုပ်ကွက်များကို ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မေ ၁၆ ရက် နံနက် ၉ နာရီတွင် အိတ်ပိတ်တင်ဒါစနစ်ဖြင့် ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
