Top News

အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းကြီးများ ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) အတိုင်း လိုက်နာရမည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
24htopnews | December 3, 2024 3:12 AM CST

အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ် ငန်းများ၊ စီမံကိန်းကြီးများဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက် အမှတ် (၁/၂၀၁၇) အတိုင်းလိုက်နာရမည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက မေ ၉  ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ ့(နောက်ဆုံးနေ ့) လွှတ်တော်အစည်းအဝေးအပြီး နှုတ်ခွန်းဆက်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်မတို့ရဲ့အဆိုတွေရယ်၊ ကတိဝင်ထားတဲ့မေးခွန်းတွေက ဥပဒေတစ်ရပ်ကဲ့သို့ ပြည်သူ့အကျိုးအတွက်၊ ဒေသအတွက် လုပ်ပေးရမှာ အစိုးရဘက်၊ အုပ်ချုပ်ရေးမဏ္ဍိုင်မှာ တာဝန်ရှိတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ အစိုးရအဖွဲ့ဘက်မှာအင်မတန်မှအလုပ်များတယ်၊ ဌာနတွေလည်းအများကြီးရှိတယ်။ အဲတော့ အစိုးရကိုလည်း ကျွန်မတို့က ဒေသဖွံ့ဖြိုးရေးလုပ်မယ်၊ စီမံကိန်းကြီးတွေလုပ်မယ် ဆိုလို့ရှိရင် (၂၀၁၇)ခုနှစ်၊ နိုင်ငံတော်သမ္မတ ရုံးကနေပြီးတော့ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ခုနှစ်၊ ညွှန်ကြားချက်အတိုင်း လိုက်နာရမယ်။ ဒီညွှန်ကြားချက်က ဒီကနေ့ထိ အတည်ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်မ လွှတ်တော်ကနေ ပြောကြားချင်ပါတယ်” ဟု ဒေါ်တင်အိက ပြောကြားခဲ့သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၄၉ ကို လည်းသေချာလေ့လာစေချင်ကြောင်း၊ ယင်းပုဒ်မသည် အစိုးရ၏ အုပ်ချုပ်မှုအခွင့်အာဏာ နှင့် ပတ်သက်၍ ပြဋ္ဌာန်းထားကြောင်း၊ ထို့ပြင် မိမိတို့ ဥပဒေပြုရေးမဏ္ဍိုင်ကလွှတ်တော် ကိုယ်စားလှယ်ရော၊ အုပ်ချုပ်ရေးမဏ္ဍိုင်က တာဝန်ရှိသည့် ဝန်ကြီးများအားလုံးပါ လိုက်နာရသည့် အခြေခံဥပဒေကို ကျေကျေညက်ညက်လည်း လေ့လာထားစေချင်ပါကြောင်း၊ လေ့လာပြီးသားလည်း ဖြစ်မည်ဟုယူဆပါကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်မှ တကယ့် Well Trained ခြေလက်များဖြစ်သည့် ဝန်ထမ်း များသည်လည်း ပြည်သူပင်ဖြစ်ပြီး၊ ပြည်သူအတွက်ပဲ ရှေးရှုပြီးတော့ အလုပ်လုပ်ပေးရမည်ဖြစ်ကြောင်း၊ ဒေသန္တရဖွံ့ဖြိုးရေးအတွက် လုပ်ရပေးရမည်ဖြစ်ကြောင်း၊ မိမိတို့မှာ ပြည်သူတွေကလွဲ၍ တခြားသူမရှိကြောင်း၊ ပြည်သူ့အကျိုး၊ ဒေသဖွံ့ဖြိုးရေးအကျိုးအတွက် ပြုလုပ်သည့်နေရာတွင် မိမိတို့တာဝန်ရှိနေသည့်အချိန်မှာ ပြဋ္ဌာန်းဥပဒေ၊ တည်ဆဲဥပဒေကို လေးစားလိုက်နာကြလျှင် အကောင်းဆုံးပဲဟု ပြောချင်ပါကြောင်း ဒေါ်တင်အိက ဆက်လက်ပြောကြားသည်။

“အလုပ်များသော အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ ကိုယ်စားလှယ်တွေကို အန်တီအနေနဲ့ပြောတာပါ။ အုပ်ချုပ်ရေးမဏ္ဍိုင်က ကိုယ်စားလှယ်တွေရော၊ ဥပဒေပြုရေးမဏ္ဍိုင်က ကိုယ်စားလှယ်တွေရော အားလုံးအလုပ်လုပ်လို့ရှိရင် တည်ဆဲဥပဒေကို လေးစားဖို့ပြောတာပါ။ အုပ်ချုပ်ရေးမဏ္ဍိုင်မှာက တည်ဆောက် ရေးတွေ၊ စီမံကိန်းတွေ၊ ဒေသဖွံ့ဖြိုးရေးတွေ လုပ်တဲ့အခါကျရင် မလိုလဲ၊ လိုလဲပေါ့။ သူတို့က အလုပ်များတော့ သူတို့လည်း မမေ့ရအောင် ထပ်မံပြီးတော့ သတိပြုမိအောင်တင် ဒါနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း ညွှန်ကြား ချက် (၁/၂၀၁၇) ကို အန်တီထပ်ပြောခြင်း ဖြစ်ပါတယ်” ဟုမွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက လွှတ်တော်အစည်းအဝေးအပြီး သတင်းမီဒီယာသမားများနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။

အဆိုပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) ဖြင့်ထုတ်ပြန်ခဲ့သည့် အချက်ပေါင်း  ၅၀ ပါဝင်သော အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းများ ဆောင်ရွက်ရာတွင် တိကျစွာလိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အား ၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက်နေ ့ရက်စွဲဖြင့်  ထုတ်ပြန်ထားကြောင်း သိရသည်။

 


READ NEXT
Cancel OK