Top News

မြန်မာနိုင်ငံတွင် လက်ရှိရင်းနှီးမြှုပ်နှံနေသူများအား စီးပွားရေးလုပ်ငန်းများ တိုးတက်ရုံသာမက လုပ်သာကိုင်သာရှိပြီး ပွင့်လင်းမြင်သာမှုရှိသော စီးပွားရေးဝန်းကျင်တစ်ခု ဖန်တီးပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
24htopnews | December 3, 2024 3:12 AM CST

မြန်မာနိုင်ငံတွင် လက်ရှိရင်းနှီးမြှုပ်နှံနေသူများအား စီးပွားရေးလုပ်ငန်းများ တိုးတက်ရုံသာမက  လုပ်သာကိုင်သာရှိပြီး ပွင့်လင်းမြင်သာမှုရှိသော စီးပွားရေးဝန်းကျင်တစ်ခု ဖန်တီးပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  မေ ၁၀ ရက်က ရန်ကုန်မြို့ရှိ Lotte ဟိုတယ်တွင် ကျင်းပသည့် Yangon Investment Forum တွင် ပြောကြားသည်။

“ကျွန်မအနေနဲ့ အားလုံးကို အလေးအနက် တိုက်တွန်းချင်တာကတော့ မြန်မာနိုင်ငံကို နိုင်ငံတကာ အထီးကျန်မှု အခြေအနေက ထိုးဖောက်ထွက်လာတဲ့ စိန်ခေါ်မှုများစွာ ရှိနေတဲ့ နိုင်ငံသူ နိုင်ငံသားများအတွက် အနာဂတ်ကောင်းတစ်ခု ရရှိစေဖို့ တံခါးဖွင့်ထားတဲ့ နိုင်ငံတစ်ခုအဖြစ် ရှုမြင်စေလိုပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိနေသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ဖမ်းဆုပ်နိုင်ကြရန် တိုက်တွန်းလိုကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်တောက်ပရန်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆောင်ကြဉ်းရာတွင် ရင်းနှီးမြှုပ်နှံသူများ၏ အထောက်အပံ့များကို အစိုးရဘက်မှလည်း အင်တိုက်အားတိုက် ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ကူညီပေးကြတဲ့ လူကြီးမင်းတို့ရဲ့ အခိုင်အမာပါဝင်မှုတွေကို အလေးအနက် ကျေးဇူးတင်ရှိပါကြောင်း ကျွန်မအနေနဲ့ ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေကြတဲ့ သူများအားလုံးကိုလည်း အာရှရဲ့ နောက်ဆုံးစီးပွားရေးဥပစာဖြစ်တဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ကျွန်မအနေနဲ့ ဖိတ်ခေါ်လိုပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“လက်ရှိရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသူများကိုလည်း လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်းများ တိုးတက်ရုံသာမက ကြွယ်ဝစေမည်ဖြစ်သည့် လုပ်သာကိုင်သာရှိသော လွယ်ကူချောမွေ့သော ကြိုတင်ခန့်မှန်းနိုင်သော ရင်းနှီးမြှုပ်နှံသူများအတွက် မိတ်ဖက်ဖြစ်သော စီးပွားရေးဝန်းကျင်တစ်ခု ပွင့်လင်းမြင်သာမှုရှိတဲ့ စီးပွားရေးဝန်းကျင်တစ်ခုကို ကျွန်မတို့က ဖန်တီးပေးမှာဖြစ်ပါကြောင်း အခိုင်အမာပြောကြားလိုပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းတစ်ခု ဖန်တီးနိုင်ရန်အတွက် အောင်မြင်မှုရရှိခဲ့သည့် အစီအမံများစွာကို အထူးစီးပွားရေးဇုန်အတွင်း ချမှတ်ထားခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါအခြေခံကောင်းများကို နမူနာယူ၍ နိုင်ငံတစ်ဝှမ်း ဖြန့်ကြက်ဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥတုအခြေအနေမှာ သိသာထင်ရှားသည့် တိုးတက်မှုများကို ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ခြောက်ဘီလျံနီးပါး ဝင်ရောက်ရန် မျှော်မှန်းထားပြီး လက်ရှိအချိန်အထိ ခုနစ်လနီးပါးအတွင်း ဒေါ်လာ ၂ ဒသမ ၅ ဘီ လျံကျော် ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂၆ ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂၅၄၆ ဒသမ ၉၀၅ သန်းဖြစ်ကြောင်း သိရသည်။     

 


READ NEXT
Cancel OK