Top News

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (မန္တလေးရုံးခွဲ) စတင်ဖွင့်လှစ်သည့် နေ့မှာပင် တိုင်ကြားရန် စုံစမ်းမေးမြန်းမှုများနှင့် တိုင်ကြားစာပေးခြင်းများရှိခဲ့
24htopnews | December 3, 2024 3:12 AM CST

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (မန္တလေးရုံးခွဲ) စတင်ဖွင့်လှစ်သည့်နေ့မှာပင် တိုင်ကြားရန် လာရောက်စုံစမ်း မေးမြန်းမှုများနှင့် တိုင်ကြားစာများပေးခြင်းများ ရှိခဲ့သည်ဟု သတင်းရရှိသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင် (မန္တလေးရုံးခွဲ) ကို မေ ၁၁ ရက်တွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကွင်းအမှတ် (၄၀၇) တမ္ပဝတီရပ်ကွက် မြို့ဟောင်းစျေး တောင်ဘက် ဘာဂျီးနီးယား ဆေးလုပ်ငန်း စက်ရုံဝင်း အတွင်းတွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါရုံးခွဲ ဖွင့်လှစ်ပွဲသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ စက်မှုလက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပါဝင်သော အစိုးရအဖွဲ့နှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ရုံးခွဲစတင်ဖွင့်လှစ်သည့်နေ့မှာပင် တိုင်ကြားရန် လာရောက် စောင့်ဆိုင်းနေသူများကို တွေ့ရှိခဲ့ရသည်။

အဆိုပါ တိုင်ကြားရန် လာရောက် စောင့်ဆိုင်းနေသူများထဲမှ တစ်ဦးဖြစ်သူ ဦးအောင်နိုင်အား မေးမြန်းခဲ့ရာ “မန္တလေးတောင်ခြေ အာရုံခံဥယျာဉ် စျေးဆိုင်တန်းထဲက ဦးအောင်နိုင်ပါ။ ဥက္ကဋ္ဌ ဦးကျော်ဝင်းကနေပြီး ဆိုင်ခန်းပေါင်း ၄၀ ကျော်ထဲမှ ကျွန်တော်တို့ကို သီးခြားကွက်ပြီး နှင်ထုတ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က တရားစွဲပါတယ်။ တရားစွဲတဲ့ခါ တရားရုံးမှာ အမှုမှန်ပေါ်နေတာကို အမှန်တရားတိုင်း မဆောင်ရွက်ပေးတဲ့အတွက် အခုလို အဂတိ တိုက်ဖျက်ရေးရုံးကို လာရောက်စာတင်ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီကော်မရှင်ကို ပြည့်ပြည့်ဝ၀ ယုံကြည်တဲ့အတွက် အခုလို တိုင်ကြားဖို့ လာရခြင်း ဖြစ်ပါတယ်။ အရင်ကတော့ အစိုးရရုံးနဲ့ ဝန်ကြီးရုံးတွေ တိုင်ကြားခဲ့ပေမယ့် အဂတိကို တိုင်တာကတော့ အခုပထမဆုံးပါ” ဟု တိုင်ကြားသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ပြောကြားသည်။

ယင်းကဲ့သို့ ဖွင့်ပွဲစတင်သည့်နေ့မှာပင် လာရောက်စုံစမ်း ဆွေးနွေးမှုများ ရှိခဲ့ကြောင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (မန္တလေးရုံးခွဲ) တာဝန်ခံထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ကျွန်တော် သိသလောက်ကတော့ ဖွင့်ပွဲအခမ်းအနားပြီးတဲ့အချိန် တစ်ယောက်တော့ လာရောက် ဆွေးနွေးသွားတယ်ဗျ။ ဘယ်လိုတိုင်ရမလဲဆိုတာ လာမေးမြန်းတာဗျ။  လာရောက် စုံစမ်းမေးမြန်းတဲ့ သဘောပေါ့။ စိတ်ဝင်စားလို့ ဝင်ကြည့်ရင်း လာတဲ့သဘောဗျ။ အဂတိရုံးဆိုတော့ ဘာတွေလုပ်လို့ရတယ်။ ဘာတွေတိုင်လို့ရတယ် သဘောမျိုးပေါ့။ စာတွေလက်ခံထား မထားတော့ ဖွင့်ပွဲအခမ်းအနားပြီး သိမ်းတာနဲ့ဘာနဲ့ ကြာနေတော့ မလာသေးတာလားတော့ မသိဘူး” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ဇော်က ဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (မန္တလေးရုံးခွဲ) ဖွင့်လှစ်ခြင်းကို စိတ်ဝင်စားမှု များပြားနေပြီး အခြားတိုင်းဒေသကြီးမှ လာရောက်ကာ တိုင်ကြားရန် စောင့်ဆိုင်း စုံစမ်းမှုများ ရှိနေသည်ဟုလည်း သိရသည်။

 


READ NEXT
Cancel OK