Top News

မေ ၁၀ ရက်တွင် စံချိန်တင် ပူပြင်းခဲ့သည့် ဂန့်ဂေါမြို့၌ အပူချိန်စံချိန်သစ် ထပ်မံဖြစ်ပေါ်
24htopnews | December 3, 2024 3:12 AM CST

မေ ၁၀ ရက်တွင် စံချိန်တင်ပူပြင်းခဲ့သည့် ဂန့်ဂေါမြို့၌ အပူချိန်စံချိန်သစ် ထပ်မံဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မေ ၁၁ ရက် အပူချိန်စံချိန်သစ် ထုတ်ပြန်ချက်တွင် ဂန့်ဂေါမြို့၌ မေ ၁၀ ရက် တွင် စံချိန်တင်ခဲ့သည့် အပူချိန် ၄၆ ဒီဂရီစင် တီဂရိတ်သည် မေ ၁၁ ရက်တွင် ၄၆ ဒသမ ၆ ဒီဂရီစင်တီဂရိတ်အထိ ပိုမိုပူပြင်းခဲ့ကြောင်း၊ ပေါက်မြို့တွင် ၂၀၁၀ ပြည့်နှစ် မေ ၁၁ ရက်၌ စံချိန် တင်ခဲ့သည့် ၄၅ ဒီဂရီစင်တီဂရိတ်ထက် ယခုနှစ် မေ ၁၁ ရက်တွင် ၄၅ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ဖြင့် စံချိန်တင်ခဲ့ကြောင်း၊ ဖလမ်း မြို့တွင် ၁၉၇၉ ခုနှစ် မေ ၉ ရက်တွင် စံချိန် တင်ခဲ့သည့် ၃၃ ဒီဂရီစင်တီဂရိတ်ထက် ယခုနှစ် မေ ၁၁ ရက်တွင် ၃၃ ဒသမ ၄ ဒီဂရီစင်တီ ဂရိတ်အထိ ပိုမိုပူပြင်းခဲ့ကြောင်း သိရသည်။

“မုတ်သုံကလည်း နောက်ကျနေတော့ အပူချိန်က တဖြည်းဖြည်း မြင့်တက်လာတယ်။ အဓိကအားဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းမှာ တိမ်ဖြစ်ထွန်းမှု နည်းနေတယ်။ အလယ်ပိုင်းတွေက ပိုပြီးပူပြင်းတယ်။ မေလတွေက အလယ်ပိုင်းတွေက ပိုပြီးပူတယ်။ ဧပြီမှာတော့ တစ်ပြည်လုံးလိုလို မြင့်တက်တာပေါ့” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။

မြစ်ဝကျွန်းပေါ်နှင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် မေလ၌ တိမ်ဖြစ်ထွန်းမှုများ ရှိသဖြင့် အပူချိန် မြင့်တက်မှုနည်းကြောင်း၊ အလယ်ပိုင်းဒေသများသည် ဧပြီလတွင် စံချိန်တင်မှုမရှိသည့် မြို့များသည် မေလတွင် စံချိန်တင်မှုများရှိကြောင်း ဦးလှထွန်းက ပြောကြားသည်။

“ဒီဟာနဲ့ ပတ်သက်ပြီး မနေ့တုန်းကဆိုရင် ၄၇ ဒသမ ၁ အထိ စံချိန်တင်ခဲ့တယ်။ မြန်မာတစ်နိုင်ငံလုံးမှာ အပူဆုံးဆိုတဲ့ ၂၀၁၀ က မြင်းမူမှာ စံချိန်တင်ခဲ့တဲ့ ၄၇ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်အထိမီဖို့ကို သုည ဒသမ ၁ လောက်ပဲလိုတော့တယ်။ ၄၇ ဒသမ ၂ က မြန်မာနိုင်ငံရဲ့ စံချိန်မှာ အပူဆုံးပဲ။ ၄၇ ဒသမ ၂ ကို မမီလာဘူးလို့ မပြောနိုင်ဘူး။ အလယ်ပိုင်းတွေက မိုးရွာဖို့အခြေအနေ မတွေ့သေးဘူး။ လေထုစိုထိုင်းဆ တော်တော်လေးကို နည်းနေသေးတယ်။ ပိုပြီးသတိထားရမယ့် အခြေအနေပေါ့။ များသောအားဖြင့် အလယ်ပိုင်းတွေက မေမှာ ပိုပူတတ်တယ်” ဟု ဦးလှထွန်းက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ မေ ၁၁ ရက် မိုးလေဝသ အခြေအနေ ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်၌ မေလ၏ ပုံမှန်အပူချိန်ထက် ခုနစ်ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် ငါးဒီဂရီစင်တီဂရိတ်မှ ခြောက်ဒီဂရီစင်တီဂရိတ်အထိ၊ ပဲခူးတိုင်းဒေသကြီးတွင် မေလ၏ ပုံမှန်အပူချိန်ထက် သုံးဒီဂရီစင်တီဂရိတ်နှင့် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် နှစ်ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး ကရင်ပြည်နယ်တွင် မေလ၏ ပုံမှန်အပူချိန်အောက် နှစ်ဒီဂရီစင်တီဂရိတ် လျော့နည်းကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့ကြောင်း၊ ထူးခြားသည့်နေ့ အပူချိန်များမှာ ဂန့်ဂေါမြို့တွင် ၄၇ ဒီဂရီစင်တီဂရိတ်၊ မြင်းမူမြို့၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့နှင့် ပေါက်မြို့တို့တွင် ၄၆ ဒီဂရီစင်တီဂရိတ်စီ၊ မုံရွာမြို့တွင် ၄၅ ဒီဂရီ စင်တီဂရိတ်နှင့် ကလေးဝမြို့၊ မင်းကင်းမြို့၊ ရွှေဘိုမြို့၊ ကြေးမုံမြို့၊ မန္တလေးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ ပခုက္ကူမြို့နှင့် တောင်တွင်းကြီးမြို့တို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်စီဖြစ်ကြောင်း သိရသည်။                         

မေ ၁၂ ရက်အတွက် မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်း ဒေသကြီးတွင် နေရာအနှံ့၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

 


READ NEXT
Cancel OK