မြိတ်မြို့တွင် တပ်ပိုင်မြေအတွင်း ကျူးလွန်သည်ဟုဆိုကာ တရားစွဲခံထားရသည့် တောင်သူလူငယ်မှာ ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့သို့ ရောက်ရှိစဉ် မြေယာကိစ္စ တင်ပြခဲ့သည့်အတွက် တပ်မတော်က ပုဒ်မ ၅၀၀ ဖြင့် ထပ်မံတရားစွဲဆို ခံထားရကြောင်း သိရသည်။
မြိတ်မြို့တွင် တပ်စွဲထားသည့် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းက ၂၀၁၈ ခုနှစ် ဇွန် ၄ ရက်တွင် ကျောက်တိုင်အသစ် ထပ်မံလာစိုက်ပြီး နယ်နိမိတ် ချဲ့ထွင်သောကြောင့် စိုက်ခင်းများ၊ မွေးမြူရေးခြံများ၊ အဆောက်အအုံများ တပ်မြေအတွင်း ပါသွားခဲ့ရကြောင်း တောင်သူ ကိုမျိုးသူနိုင်က ဆိုသည်။
ပုံစံ ၇ ထွက်ထားသည့် မြေနေရာကို တပ်မြေအဖြစ် လာရောက်သိမ်းပိုက်ခြင်း ဖြစ်သည့်အပြင် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေသည့် တောင်သူကို ကျူးကျော်သူအဖြစ် တရားစွဲထားခဲ့ကြောင်း ၎င်း၏အဆိုအရ သိရသည်။
“ကျူးကျော်မှုနဲ့ တရားစွဲခံရတယ်။ အကျိုးဖျက်ဆီးမှုနဲ့ တရားစွဲခံရတယ်။ တကယ်တော့ အဲဒီကိစ္စက ကျွန်တော်တို့က ဦးအောင်တရားစွဲမယ်ဆိုရင် စွဲခွင့်ရနိုင်တဲ့ အခွင့်အရေး ရှိလျက်သားနဲ့ အခုတော့ ကျွန်တော်တို့က တရားစွဲခံလိုက်ရတယ်။ ဒုတိယအမှုကျတော့ ဒေါ်အောင်ဆန်းစုကြည်လာတဲ့ အခါမှာ သူကလည်း အားကိုးလို့ တင်ပြတယ်။ အဲဒီတော့ နောက်ထပ်အမှုတစ်ခု ထပ်တိုးတယ်။ နောက်ဆုံး ဒီအမှုကတော့ ဒီနေ့လိုက်ပါလာရတဲ့အမှုပေါ့။ ကျွန်တော်နားလည်တာက တရားရုံးရဲ့ လုပ်ပိုင်ခွင့် မဟုတ်ဘူး။ ဒါပေမဲ့ တပ်မတော်ကနေ တရားလိုလုပ်လာတဲ့ အခါကျတော့ တရားရုံးက ဒီအမှုကိုလက်ခံပြီး ဆောင်ရွက်လာတော့ ကျွန်တော်တို့လည်း အခုချိန်အထိ ရုံးချိန်းပေါင်း ၂၉ ချိန်း။ တစ်နှစ်ကျော် ကြာတဲ့အထိ လိုက်ပါဆောင်ရွက် ပေးနေရတယ်။ ကျူးကျော်တယ်လို့ ပြောတာက ရည်ညွှန်းမှတ်တိုင်တွေရှိတယ်။ ဘယ်နေရာကနေ တိုင်းတာလဲဆိုပြီး ရည်ညွန်းမှတ်တိုင်တွေရှိတယ်။ တပ်က ရည်ညွှန်းမှတ်တိုင် အသစ်နှစ်ခုကို ၂၀၁၈ ခုနှစ်ထဲမှာ စိုက်လိုက်တယ်။ အဲဒီမှာ ပြဿနာ စတက်တာပဲ။ သက်ဆိုင်ရာ မြေစာရင်းကလည်း တာဝန်မခံရဲကြဘူးလို့ ကျွန်တော်သုံးသပ်ရမှာပဲ။ သက်ဆိုင်ရာ မြေစာရင်းမှူးကို တွေ့လိုက်လို့ဆိုရင် သူဘယ်လို ဖြေမလဲဆိုတာ သိရပါလိမ့်မယ်။ အမှန်တရားအတွက် တင်ပြပြီး ကိုယ့်အခွင့်အရေးအတွက် ပြောတာပါ။ ရည်ရွယ်ချက်က သူများကို နစ်နာစေလိုတဲ့ ရည်ရွယ်ချက် မရှိဘူး။ အဲဒါဟာ တကယ့်တကယ်တမ်း ပြောရရင် သာမန်အရပ်သား တစ်ဦးပေါ့။ ကျွန်တော့်အမှုသည် မောင်မျိုးသူနိုင် တရားစွဲကြည့်ပါလား။ တရားရုံးက ကျင့် ၂၀၃ နဲ့ စောစောစီးစီး ပလပ်ပစ်မှာပဲ” ဟု တရားလွှတ်တော်ရှေ့နေ ဦးဟန်ရှင်ဝင်းက ပြောကြားသည်။
တောင်သူ ကိုမျိုးသူနိုင်တွင် ၁ ဒသမ ၉၂ ဧကသာ ရှိသော်လည်း တပ်က တစ်ဧက ထပ်မံသိမ်းဆည်း သွားသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရသည့်အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မြိတ်မြို့သို့ ဖေဖော်ဝါရီ ၁၃ ရက်က ရောက်ရှိစဉ် ကြုံတွေ့နေရသည်များကို တင်ပြခဲ့သည့်အတွက် တပ်ကို ဂုဏ်သိက္ခာ ညိုှးနွမ်းအောင် ပြုလုပ်သည် ဟုဆိုကာပုဒ်မ ၅၀၀ ဖြင့် ထပ်မံတရားစွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီကျောက်တိုင်ကို စပြီးနယ်နိမိတ်ချတာကတော့ ၂၀၁၇ ခုနှစ် ၁၀ လပိုင်းမှာပါ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြောခဲ့တဲ့ အတိုင်းပါပဲ။ ၆ ရက်နေ့ လေးလပိုင်း ၂၀၁၈ ခုနှစ်မှာ သူတို့ကျောက်တိုင် လာစိုက်တယ်။ အဲဒီမှာ ပုဒ်မ ၄၄၇၊ ၄၂၇ နဲ့ စပြီးတရားစွဲတယ်။ မြေပြင်မှာ ကျွန်တော်ကပဲသွားပြီး ကျူးကျော်သလိုလိုနဲ့ ကျွန်တော့်ကိုပြန်ပြီး တရားစွဲထားတယ်။ တရားသူကြီးတွေလည်း အဲဒါကိုသိပါတယ်။ ကျွန်တော် သက်သေခံတွေလည်း သွင်းပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မြိတ်မြို့ကိုလာတဲ့ ခရီးစဉ်မှာ ကျွန်တော် နစ်နာနေတဲ့အရာတွေကို အားကိုးတကြီးနဲ့ တင်ပြတာ။ နိုင်ငံတော် အတိုင်ပင်ခံကမေးတယ်။ ဘယ်တပ်က သိမ်းတာလဲဆိုပြီး မေးတော့ ကျွန်တော်က အမှတ် (၉၃၇) ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းကနေ ၂၀၁၇ ခုနှစ်ကနေ စသိမ်းတယ်လို့ ပြောခဲ့တယ်။ သူတို့ကိုနယ်နိမိတ် အသစ်ချဲ့တယ်။ မြေသိမ်းတယ်လို့ဆိုပြီး သုံးနှုန်းလို့ တရားရုံးမှာ ဦးတိုက်ပြီးပုဒ်မ ၅၀၀ နဲ့ ထပ်စွဲတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လိုမျိုး၊ သမ္မတရဲ့ ခရီးစဉ်လိုမျိုး၊ ပြဿနာတစ်ခုကို ဖြေရှင်းပေးနိုင်တဲ့ နိုင်ငံတော် အကြီးအကဲလိုမျိုး ခရီးစဉ်မှာ ကျွန်တော်တို့ ပြည်သူတွေ နစ်နာတဲ့ အနေအထားတွေကို တင်ပြခွင့် မရဲလောက်အောင် သူတို့က ကျွန်တော်တို့ကို ပုဒ်မတွေနဲ့ လိုက်တပ်ပြီး တရားစွဲနေတယ်လို့ မြင်ပါတယ်။ လက်ရှိ ကျွန်တော် တရားဥပဒေနဲ့အညီ တရားဝင်ပိုင်ဆိုင်ခွင့် ရထားလျက်သားနဲ့ ကျွန်တော်က ဥပဒေနဲ့အညီ ကာကွယ်မှု မရဘဲနဲ့ တပ်မတော်ကနေပြီး အမှတ် ၉၃၇ ထောက်ပို့ တပ်ရင်းကနေပြီး တရားစွဲတာလည်း ခံနေရတယ်။ အဲဒီလို ဥပဒေနဲ့အညီ ရှိနေလျက်သားနဲ့ ဥပဒေနှင့်အညီ ကာကွယ်မှု မရတဲ့အတွက် နောက်နောင် ကျွန်တော့်လိုမျိုး ထပ်ဖြစ်လာမယ့် ပြည်သူတွေမရှိအောင် နိုင်ငံတော် အတိုင်ပင်ခံလိုမျိုး၊ သမ္မတလိုမျိုး ပုဂ္ဂိုလ်တွေမျိုးက ကာကွယ်မှု ပေးစေချင်တယ်” ဟု တပ်ကတရားစွဲမှုကို ခံထားရသည့် ကိုမျိုးသူနိုင်က ပြောကြားသည်။
ကိုမျိုးသူနိုင်က ထိုသို့ပြောကြားခဲ့သော်လည်း အဆိုပါမြေမှာ တပ်ပိုင်မြေ ဖြစ်သည်ကို သေချာရှင်းပြ ထားလျက်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်စဉ် တပ်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ပြုလုပ်သောကြောင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း တပ်မတော်ဘက်က Eleven Media ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။
“ထောက်ပို့တပ်ရင်းက တပ်ပိုင်မြေဆိုတာရှိတယ်။ ၁၈၃ ဒသမ ၇၆ ဧကဆိုပြီး တပ်ပိုင်မြေရှိတယ်။ အဲဒီတပ်ပိုင်မြေက ဘယ်တုန်းကတည်းက အတည်ပြုထားသလဲဆိုတော့ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ကတည်းက ပြည်ထဲရေး ဝန်ကြီးဌာနကနေ တပ်ပိုင်မြေအဖြစ် ခွင့်ပြုထားတာပါ။ အဲဒီအနားမှာ ပုံစံ ၇ နဲ့ ဦးမျိုးသူနိုင်ရဲ့ မြေရှိတယ်။ ဆက်စပ်မှု ရှိတာပေါ့။ GPS တွေနဲ့ တိုင်းတာပြီး မြေပြင်အခြေအနေမှာ ကွဲလွဲမှုရှိ၊ မရှိ ကို ကျွန်တော်တို့က မြိတ်တပ်နယ်မှူး ဦးစီးပြီး မြေတိုင်းအဖွဲ့တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူး တွေပါတဲ့အဖွဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ တပ်ပိုင်နယ်နိမိတ်ကို အသေးစိတ် တိုင်းတာခိုင်းလိုက်တယ်။ သူ့မြေကိုယ့်မြေ ရှင်းရှင်းလင်းလင်း သိစေဖို့ အသေးစိတ်ကို အဖွဲ့နဲ့ တိုင်းတာခိုင်းလိုက်တာပါ။ အဲဒီမှာ သူပိုင်ဆိုင်တယ်လို့ ပြောနေတဲ့ အဆောက်အအုံလေး ဝင်ဆောက်ထားတဲ့ နေရာက တပ်ပိုင်မြေ ဖြစ်နေတယ်။ အဲဒီမြေကို သူ့နေရာထင်ပြီး အဆောက်အအုံတွေ ဝင်ဆောက်ထားတာပါ။ မြေတိုင်းတော့ ဦးမျိုးသူနိုင်ရဲ့ မြေနေရာ မဟုတ်ဘူး။ တပ်နဲ့ဆက်စပ်နေတဲ့ ဟောဒီနေရာ ဖြစ်တယ်လို့ သူ့ကို ပြောပြကြတယ်။ ခင်ဗျားရရှိထားတဲ့ပုံစံ ၇ က တပ်နဲ့ ဆက်စပ်ပြီး ကပ်လျက်ရှိနေတဲ့ နေရာပဲ။ အဲဒါကို ပြောတယ်။ ဒါပေမဲ့ သူကဒီနေရာပဲ ဖြစ်တယ်ဆိုပြီး မဖယ်ဘူး။ မြေစာရင်းနဲ့ အုပ်ချုပ်ရေးမှူးကလည်း ပြောတယ်။ ခင်ဗျားနဲ့ ဆက်စပ်ဧရိယာ ဒီနေရာကိုပြန်ပြီးရွှေ့ပါဆိုတော့သူကလက်မခံဘူး။ နောက်ထပ်လည်း ပြော လို့ မရဘူး။ ၂၀၁၇ ခုနှစ်ဇန်နဝါရီလ ၁၆ ရက် နေ့ထဲမှာ မြို့မရဲစခန်းမှာ တရားရုံးကနေ ရာ ဇသတ်ကြီးပုဒ်မ ၄၂၇ ပေါ့။ အကျိုးဖျက်ဆီးမှု။ နောက်တစ်ခုက ရာဇသတ်ကြီးပုဒ်မ ၄၄၇- ကျော်နင်းမှုနဲ့ သူ့ကိုတရားရုံးကနေ ဦးတိုက် လျှောက်ထားခဲ့တယ်။ ၂၀၁၉ ခုနှစ် ဖေဖော် ၀ါရီလ ၂ ရက်နေ့အထိ ဒီအမှုက မြို့နယ် တရားရုံးမှာ ကြန့်ကြာနေတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လာတဲ့အခါမှာ ဦးမျိုးသူ နိုင်က သူ့မြေကိုသိမ်းပိုက်ထားသလို တင်ပြခဲ့ တယ်။ သူ့ကို သေချာရှင်းပြထားခဲ့တယ်။ စာ ရွက်စာတမ်းတွေ၊ မှတ်တမ်းတွေနဲ့ သေချာ ရှင်းပြနေလျက်နဲ့ လက်မခံတဲ့အပြင် အကြီး အကဲတွေကို သူ့မြေသိမ်းခံထားရသလို တင် ပြခဲ့တယ်။ အဲဒါကြောင့် ကျွန်တော်တို့က တပ်ရဲ့ ဂုဏ်သိက္ခာ၊ အသေရေဖျက်မှုတွေနဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ထပ်ပြီး ပုဒ်မ ၅၀၀ နဲ့ ထပ်ပြီး တရားစွဲခဲ့တယ်” ဟု ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက Eleven Media ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
မြေစာရင်းတွင် ရှုပ်ထွေးမှုများ ရှိနေကြောင်း ပြောကြားမှုအပေါ် မြေစာရင်းဌာနသို့ သွားရောက် မေးမြန်းခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆန်ခဲ့သလို အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၈ ခုနှစ် ရှစ်လပိုင်းတွင် ခရိုင်အဆင့်၊ တိုင်းအဆင့်နှင့် ဗဟိုအဆင့်အထိ တင်ပြထားပြီး ဖြစ်ကြောင်း မြိတ်မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးအောင်ဗိုလ်ဝင်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
