Top News

ဗြိတိန်ကွန်ဆာဗေးတစ်ပါတီကိုယ်စားလှယ်လောင်းခြောက်ဦးက ဒုတိယအကျော့မဲပေးမှု၌ ဝန်ကြီးချုပ်ဖြစ်လာရန်ကြိုးပမ်း
24htopnews | December 3, 2024 4:12 AM CST

ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာရန် ကြိုးပမ်းနေသော အာဏာရကွန်ဆာဗေးတစ်ပါတီမှ ကိုယ်စားလှယ်လောင်း ခြောက်ဦးသည် ဇွန် ၁၈ ရက်တွင် ဒုတိယအကျော့မဲပေးမှု၌ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခုသီတင်းပတ်ကုန်မတိုင်မီ နောက်ဆုံးကျန်ခဲ့မည့် နှစ်ဦးကို ရွေးချယ်ကြမည် ဖြစ်သည်။ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသူသည် ဗြိတိန်က ဥရောပသမဂ္ဂမှ မည်သည့်အခြေအနေများဖြင့် ထွက်ခွာမည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။ ဗြိတိန်သည် အောက်တိုဘာ ၃၁ ရက်တွင် ဥရောပသမဂ္ဂမှ ထွက်ခွာရန် စီစဉ်ထားသည်။

ရာထူးမှထွက်ခွာမည့် ဝန်ကြီးချုပ် ထရီဆာမေ၏ နေရာကို အစားဝင်ရန် ကြိုးပမ်းနေသူများအား ကွန်ဆာဗေးတစ်ပါတီမှ အမတ် ၃၁၃ ဦးက လျှို့ဝှက်မဲပေးကြမည်ဖြစ်ပြီး နောက်ထပ်မဲပေးမှုများတွင် ကိုယ်စားလှယ်လောင်းနှစ်ဦးအထိ ကျန်စေရန် ရွေးချယ်ကြမည်ဖြစ်သည်။

ဒုတိယကျော့မဲပေးမှုတွင် အမတ် ၃၃ ဦးထက်မနည်း၏ ထောက်ခံမဲမရသည့် ကိုယ်စားလှယ်လောင်းများသည် ပြိုင်ပွဲမှ ထွက်ခွာရမည်ဖြစ်သည်။ ယင်းကဲ့သို့ မဲများရရှိသော်လည်း ထိုခြောက်ဦးထဲတွင် အနည်းဆုံးရသူကလည်း ပြိုင်ပွဲမှ နုတ်ထွက်ရမည် ဖြစ်သည်။

ထိုမဲပေးမှုအပြီးတွင် ပြိုင်ပွဲ၌ ကျန်ရှိသည့် ကိုယ်စားလှယ်လောင်းများသည် BBC က ပြုလုပ်သော ရုပ်သံစကားစစ်ထိုးပွဲတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပထမအကျော့ မဲပေးမှုအပြီးတွင် ပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ် ရုပ်သံစကားစစ်ထိုးပွဲကို ထောက်ခံမဲအများဆုံးရရှိခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်က မပါဝင်ခဲ့ပေ။

တတိယအကျော့ မဲပေးမှုအား ဇွန် ၁၉ ရက်နှင့် လိုအပ်ပါက နောက်ထပ်နှစ်ကျော့ မဲပေးမှုကို ဇွန် ၂၀ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ ယင်းနောက် ပါတီအဖွဲ့ဝင်များသည် စာတိုက်မဲဖြင့် ရွေးချယ်မည်ဖြစ်ပြီး အနိုင်ရသူအား ဇူလိုင် ၂၂ ရက်မှစတင်သည့် သီတင်းပတ်တွင် ကြေညာမည်ဖြစ်သည်။

Brexit အား ထိပ်တန်းလှုံ့ဆော်သူ ဂျွန်ဆင်သည် ပထမအကျော့ မဲပေးမှုတွင် ထောက်ခံမဲ ၁၁၄ မဲဖြင့် အနီးကပ်ဆုံးပြိုင်ဘက်အား ထောက်ခံမဲ နှစ်ဆနီးပါး အသာရခဲ့သည်။ လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဂျရီမီဟန့်က ထောက်ခံမဲ ၄၃ မဲ၊ သဘာဝပတ်ဝန်းကျင်ဝန်ကြီး မိုက်ကယ်ဂိုဗီက ထောက်ခံမဲ ၃၇ မဲ၊ သဘောထားတင်းမာသော Brexit  လှုံ့ဆော်သူ ဒေါမနစ်ရာအက်က ထောက်ခံ မဲ ၂၇ မဲ၊ ပြည်ထဲရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်က ထောက်ခံမဲ ၂၃ မဲနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဝန်ကြီး ရိုရီစတဲဝေါ့က ထောက်ခံမဲ ၁၉ မဲ အသီးသီး ရရှိခဲ့သည်။

ပထမအကျော့ မဲပေးမှုအပြီး Channel 4 ရုပ်သံစကားစစ်ထိုးပွဲတွင် ပါဝင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ငါးဦးအနက် လေးဦးသည် ဘရပ်ဆဲလ်နှင့် ဗြိတိန်ဝန်ကြီးချုပ်မေ အကြား ရရှိခဲ့သော Brexit သဘောတူညီချက် မူကြမ်းအား ပြန်လည်ညှိနှိုင်းရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂခေါင်းဆောင်များကမူ ပြန်လည်ညှိနှိုင်းမည့် အစီအစဉ်ကို အကြိမ်ကြိမ် ပယ်ချထားပြီး ဖြစ်သည်။

စတဲဝေါ့ကမူ လက်ရှိ Brexit သဘောတူညီချက်မူကြမ်းအား ဗြိတိန်ပါလီမန်က ယခုနှစ်အတွင်း သုံးကြိမ်တိုင်တိုင် ပယ်ချထားပြီးဖြစ်သော်လည်း ထိုမူကြမ်းကိုပင် ဆက်လက်တွန်းအားပေးသွားမည်ဟု ပြောကြားခဲ့သည်။ စတဲဝေါ့မှလွဲ၍ ကျန်ကိုယ်စားလှယ်လောင်း လေးဦးက အောက်တိုဘာ ၃၁ ရက်တွင် ထွက်ခွာရေး သဘောတူညီချက်မရဘဲ ဥရောပသမဂ္ဂမှ ထွက်ခွာလိုဟု ပြောခဲ့သည်။ ဂျွန်ဆင်ကမူ သဘောတူညီချက် ရရ၊ မရရ ထွက်ခွာမည်ဟု ပြောကြားခဲ့သည်။

Ref ; AFP


READ NEXT
Cancel OK