Top News

ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်ထုတ်ပြန်
24htopnews | December 3, 2024 10:12 AM CST

ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များကို မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်က ညွှန်ကြားချက် ၂/၂၀၁၉ ဖြင့် ထုတ်ပြန်ကြေညာသည်။

ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်  ထုတြ်ပန်ခြင်းဖြစ်သည်။ စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ ဤဥပဒေအခန်း ၁၈ ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များသည် ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ပြည့်မြောက်သည့်ပြီးသည့် နေ့ရက်ဖြစ်သော ၂၀၂၀ ပြည့်နှစ် မတ် ၁၆ ရက်မှ စတင်၍ အာဏာတည်မည်ဖြစ်သည်။

သို့ဖြစ်ပါ၍ စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၄၃ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် အချက်အလက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ်ညွှန်ကြားချက်ကိုလည်း နောက်ဆက်တွဲပါဇယားဖြင့် ထုတ်ပြန်ထားသည်။

ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များမှာ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်တို့ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်ကို လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၇၃ အရ အရေးယူခြင်းခံရမည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် ထုတ်ပြန်ထားသော နောက်ဆက်တွဲပါဇယားအတိုင်း လိုက်နာဆောင်ရွက်နိုင်ကြောင်း သိရသည်။

ကုန်အညွှန်း အမှတ်အသားဆိုင်ရာ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ရာတွင် မြန်မာဘာသာဖြင့် ဖော်ပြရာတွင် သာမန်မျက်စိဖြင့် မြင်နိုင်သော စာလုံးအရွယ်အစား ဖြစ်ရမည်၊ မြန်မာဘာသာဖြင့် ဖော်ပြရာတွင် ကုန်စည်အမျိုးအစားနှင့် အရွယ်အစားအပေါ် အခြေခံ၍ ဖော်ပြရန်လိုအပ်သည့် အချက်အလက်များကို စားသုံးသူသို့ လက်လီရောင်းချမည့် ကုန်စည်၏ ထုပ်ပိုးပစ္စည်းပေါ်တွင် ဖော်ပြရန်၊ ကုန်ပစ္စည်းပေါ်တွင် အချက်အလက်များဖော်ပြရန် မဖြစ်နိုင်ပါက ကုန်စည်အမျိုးအစားနှင့် စပ်လျဉ်းသည့် လက်ကမ်းစာစောင်/အညွှန်းတို့ဖြင့် ဖော်ပြပြီး ကုန်စည်နှင့်အတူ စားသုံးသူသို့တစ်ပါတည်း ပေးအပ်ရန်၊ ပြည်ပမှတင်သွင်းဖြန့်ဖြူးသည့် ကုန်စည်များဖြစ်ပါက သတ်မှတ်ချက်များနှင့် ကိုက်ညီစေရေးအတွက် စျေးကွက်ဖြန့်ဖြူးခြင်း မပြုမီပြုပြင်ရန် (ထပ်ပိုးကပ်ခြင်း သို့မဟုတ် ထုပ်ပိုးပစ္စည်းအသစ် အသုံးပြုခြင်း)၊ သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ကွပ်ကွဲသည့် ကုန်ပစ္စည်းများအတွက် ၎င်းဌာနများ၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန်နှင့် ၎င်းညွှန်ကြားချက်နှင့်အညီ ဤအမိန့်ကြော်ငြာစာပါ ဖော်ပြရန်အချက်များအား မြန်မာဘာသာဖြင့် ဖော်ပြရန်၊ ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်း အမျိုးမျိုးတွင် ဆရာဝန်/ကျန်းမာရေးဝန်ထမ်းတို့၏ ညွှန်ကြားချက်မပါဘဲ အသုံးပြုနိုင်သည့် အိမ်သုံးသွေးပေါင်ချိန်စက်၊ အိမ်သုံးသွေးချိုတိုင်းစက်နှင့် ဆက်စပ်ပစ္စည်းများ၊ ကိုယ်ဝန်ရှိ/မရှိ ဆီးစစ်တံ၊ ကွန်ဒုံး၊ ကိုယ်ပူချိန်တိုင်းကိရိယာစသည့် မိသားစုသုံးပစ္စည်းများကို ဆိုလိုခြင်းဖြစ်ကြောင်း  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်က ညွှန်ကြားချက် ၂/၂၀၁၉ ဖြင့် ကြေညာထားသည်။              


READ NEXT
Cancel OK