Top News

ထိုင်းကုန်တင်ယာဉ်များ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရာတွင် မြဝတီမြို့အတွင်း ဖြတ်သန်းမောင်းနှင်နေသည့်အတွက် ယာဉ်ကြောကျပ်တည်းပိတ်ဆို့မှု ဖြစ်ပေါ်စေသောကြောင့် သတ်မှတ်လမ်းကြောင်းအတွင်း၌သာ သွားရောက်ရန်ညွှန်ကြား
24htopnews | December 3, 2024 10:12 AM CST

ထိုင်းကုန်တင်ယာဉ်များ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရာတွင် မြဝတီမြို့အတွင်း ဖြတ်သန်းမောင်းနှင်နေသည့်အတွက် ယာဉ်ကြောကျပ်တည်းပိတ်ဆို့မှုများ ဖြစ်ပေါ်စေသောကြောင့် သတ်မှတ်လမ်းကြောင်းအတွင်း၌သာ သွားရောက်ရန် အကောက်ခွန်ဦးစီးဌာနက ညွှန်ကြားထားသည်။

မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေး တံတားကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်မှစတင်၍ ကုန်တင်ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြုခဲ့သည်။ မြန်မာ-ထိုင်း ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းသည့် သွင်းကုန်ပစ္စည်းများကို ထုုိင်းနိုင်ငံမှ ကုန်တင်ယာဉ်များဖြင့် သယ်ဆောင်၍ မြဝတီမြို့ရှိ သက်ဆိုင်ရာ ဂိုဒေါင်အသီးသီးသို့ သွားရောက်ပို့ဆောင်မှုများ၊ မြန်မာနိုင်ငံမှ တင်ပို့မည့်ပို့ကုန်များကို သယ်ဆောင်ရန်အတွက် လာရောက်သယ်ဆောင်မှုများ ဆောင်ရွက်လျက်ရှိိသည်။

အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ကုန်တင်ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြုသည့်အတွက် အမှတ် (၁) ချစ်ကြည်ရေးတံတားတွင် ယာဉ်ကြောကျပ်တည်းပိတ်ဆို့မှုများ လျော့နည်းသွားခဲ့သော်လည်း ထိုင်းကုန်တင်ယာဉ်များသည် မြဝတီမြို့တွင်း၌ ဖြတ်သန်းမောင်နှင်မှုများ ပြုလုပ်နေသည့်အတွက် မြို့တွင်းရှိ အချို့လမ်းများတွင် ယာဉ်ကြောကျပ်တည်း ပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ထို့ကြောင့် ထိုင်းနိုင်ငံမှ ကုန်တင်ယာဉ်များ ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင် သတ်မှတ်လမ်းကြောင်းများအတိုင်းသာ ဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

သတ်မှတ်လမ်းကြောင်းများမှာ ကုန်သွယ်ရေးဇုန်ပတ်ဝန်းရှိ ဂိုဒေါင်များသို့ သို့မဟုတ် မြဝတီမြို့တွင်းရှိ ဂိုဒေါင်များသို့ သွားရောက်ပို့ဆောင်သော/ပြန်လည်သယ်ဆောင်သော ကုန်တင်ယာဉ်များသည် BCF ဇုန်မှ ထွက်ခွာပြီး BCF ဇုန်-မြေနီကုန်းလမ်းဆုံမှ အာရှလမ်းအတိုင်း မောင်းနှင်၍ ကုန်သွယ်ရေးဇုန် ပတ်ဝန်းကျင်ရှိ ဂိုဒေါင်အသီးသီးတွင် ကုန်ပစ္စည်း သွားရောက်ပို့ဆောင်ပြီးနောက် ကုန်ပစ္စည်း ပြန်လည်သယ်ဆောင် သို့မဟုတ် ကုန်မဲ့ (ခါလီ) ဖြင့် ထွက်ခွာသည့်အခါတွင်လည်း ၎င်းလမ်းကြောင်းအတိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားသို့ မောင်းနှင်၍ ချက်ချင်းပြန်လည်ထွက်ခွာကြရန်ဖြစ်သည်။ ကုန်သွယ်ရေးဇုန် ပတ်ဝန်းကျင်ရှိ ဂိုဒေါင်များသို့ ကုန်ပစ္စည်းသွားရောက်ပို့ဆောင်/ပြန်လည် သယ်ဆောင်မည့် ထိုင်းကုန်တင်ယာဉ်များသည် မြဝတီမြို့တွင်းရှိ လမ်းများအားလုံးသို့ ဝင်ရောက်ခြင်းလုံးဝမပြုရန်ဖြစ်သည်။

မြဝတီမြို့တွင်းရှိ ဂိုဒေါင်များသို့ ကုန်ပစ္စည်း သွားရောက်ပို့ဆောင်/ပြန်လည်သယ်ဆောင်သည့် ထိုင်းကုန်တင်ယာဉ်များသည် မိမိသွားရောက်ရမည့် ဂိုဒေါင်တည်ရှိရာလမ်းများမှအပ မြို့တွင်းရှိ အခြားမည်သည့်လမ်းကြောင်းများသို့ ဝင်ရောက်ခြင်းမပြုရန်ဖြစ်သည်။ မြို့တွင်းရှိဂိုဒေါင်များသို့ ကုန်ပစ္စည်း သွားရောက်ပို့ဆောင်/ပြန်လည်သယ်ဆောင်မည့် ထိုင်းကုန်တင်ယာဉ်များသည် အများပြည်သူစည်ကားရာနေရာများ (ဥပမာ- စျေး၊ စာသင်ကျောင်း၊ အခြားလူစည်ကားရာ နေရာများ)၊ လူစည်ကားတတ်သည့် အချိန်များတွင် အတတ်နိုင်ဆုံး ရှောင်ရှားမောင်းနှင်ကြရန် ဖြစ်သည်။

အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ဝင်ရောက်လာသည့် ထိုင်းကုန်တင်ယာဉ်များ အားလုံးသည် မည်သည့်ဂိုဒေါင်၌မဆို ကုန်ပစ္စည်း သွားရောက်ပို့ဆောင်/ပြန်လည်သယ်ဆောင်ပြီးနောက် နေ့ချင်းပြီးပြန်လည်ထွက်ခွာကြရန်နှင့် ပြန်လည်ထွက်ခွာခြင်းမရှိဘဲ မြဝတီမြို့၌ ညအိပ်ရပ်နားခြင်းကို လုံးဝခွင့်ပြုမည် မဟုတ်ကြောင်း အသိပေးထားသည်။

 

 


READ NEXT
Cancel OK