Top News

ဆေးပညာ ကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသန အဆောက်အအုံတွင် ဆေးလက်တွေ့ကုသမှု သင်တန်းများအပြင် ပုံတူပြုလေ့ကျင့်ရေး သင်တန်းများကိုပါ သင်ကြားပို့ချမည်
24htopnews | December 3, 2024 10:12 AM CST

ဆေးတက္ကသိုလ် (၁) ရန်ကုန်ဝင်းအတွင်း ဆောက်လုပ်ထားသည့် ဆေးပညာ ကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသန အဆောက်အအုံတွင် ဆေးလက်တွေ့ကုသမှု သင်တန်းများအပြင် ပုံတူပြုလေ့ကျင့်ရေး သင်တန်းများကိုပါ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးတက္ကသိုလ် (၁) ဝင်းအတွင်း ဆောက်လုပ်ထားသည့် ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနအဆောက်အအုံကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်က စတင်ဆောက်လုပ်ခဲ့ပြီး (ပေ ၁၉၂_၉၀) အကျယ်ရှိ ရှစ်ထပ်ခွဲအဆောက်အအုံဖြစ်ပြီး သံကူကွန်ကရစ် အဆောက်အအုံ အမျိုးအစားဖြစ်ကြောင်းနှင့် ယင်းအဆောက်အအုံကို ဆေးလက်တွေ့ကုသမှုများအတွက် လိုအပ်သော ကျွမ်းကျင်မှုများအား လေ့ကျင့်သင်ကြားနိုင်ရေး၊ လူနာများ ဘေးကင်းလုံခြုံမှုပိုမိုရရှိရေး၊ နိုင်ငံတကာအဆင့်မီ လေ့ကျင့်သင်ကြားရေးဌာန ပေါ်ပေါက်လာစေရေး၊ ဆေးပညာဆိုင်ရာ ကျင့်ဝတ်များ ပညာရှင်ပီသသည့် အရည်အသွေးနှင့် ကျွမ်းကျင်မှုများ၊ လူမှုဆက်ဆံရေးများ၊ အသင်းအဖွဲ့နှင့် ဆောင်ရွက်နိုင်မှုများ လေ့ကျင့်နိုင်ရေး၊ ဆေးနှင့် ဆေးနှီးနွှယ် တက္ကသိုလ်များ၏ သုတေသနလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီဌာနကြီး ဖွင့်လှစ်နိုင်ခြင်းကြောင့် ဆရာဝန်တွေသာမက သူနာပြုတွေ ဆေးနဲ့ဆေးနှီးနွှယ် ဘာသာရပ်ဆိုင်ရာ သင်တန်းသားတွေ အားလုံးအတွက် လေ့ကျင့်သင်ကြားတဲ့အခါမှာ ပိုမိုထိရောက်အောင်မြင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါရှာဖွေစမ်းသပ် ကုသပေးတဲ့ ဓာတ်ခွဲ၊ ဓာတ်မှန်စတဲ့ စက်ပစ္စည်းကိရိယာတွေရဲ့ အခြေခံသဘောတရားတွေကိုလည်း လက်တွေ့ကိုင်တွယ် အသုံးပြုသင်ကြားပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ရှိလာမယ့်အပြင် ကျွမ်းကျင် တတ်မြောက်မှု အခြေအနေကိုလည်း ကောင်းစွာစစ်ဆေးနိုင်တော့မှာ ဖြစ်ပါတယ်” ဟု အဆောက်အအုံသစ် ဖွင့်လှစ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။ 

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဆေးတက္ကသိုလ်များ၏ လက်တွေ့ကျွမ်းကျင်မှု ပုံစံတူလေ့ကျင့်သင်ကြားရေးနှင့် သုတေသနဌာန အဆောက်အအုံကို ဒီဇင်ဘာ ၃၀ ရက်က ရန်ကုန် မြို့၊ဆေးတက္ကသိုလ် (၁) တွင် ပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားဖြင့် ပြုလုပ်ကာ ဖွင့်လှစ်ခဲ့သည်။ အဆိုပါအဆောက်အအုံကို ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းနှင့် မြို့မကျောင်းလမ်းထောင့် ဆေးတက္ကသိုလ်အနီး၊ လမ်းမတော်မြို့နယ် ဆေးတက္ကသိုလ် (၁) နယ်မြေပိုင်တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

“National Skills Training Simulation and Research Centre ပေါ့။ ဒါက ဆေးပညာအတွက်ပေါ့။ ဆေးတက္ကသိုလ်များ အတွက်ပေါ့။ဆေးတက္ကသိုလ် (၁) မှာဆောက်ပေမယ့် ရည်ရွယ်ချက်က ဆေးတက္ကသိုလ်အားလုံးအတွက် ကျွမ်းကျင်မှုစကေးပေါ့။ ပုံတူပြုဆိုတာ Simulation ကို ဘာသာပြန်ထားတာ ပေ့ါ။ ပုံတူပြုဆိုတဲ့ အဓိပ္ပာယ်ကိုဖွင့်မယ်ဆိုရင် Simulation ဆိုတာ ရောဂါဖြစ်တဲ့လူ နာတွေခွဲတာစိတ်တာတွေ လူနာတွေအပေါ်မှာ မခွဲစိတ်ခင်မှာ လူနာတွေရဲ့ တကယ့်ပုံစံတူအတိုင်း ရောဂါတူအတိုင်း အရုပ်တွေနဲ့၊ ကွန်ပြူတာတွေနဲ့ လုပ်ထားပြီးတော့အဲဒါတွေကို ဒီမှာလေ့ကျင့်ပေးမယ်။ နောက်တစ်ခုက သုတေသနပေါ့။ ဒါကပထမဆုံးအကြိမ်ဆောက်တဲ့ အဆောက်အအုံဖြစ်ပါတယ်” ဟု ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

အဆိုပါ အဆောက်အအုံတွင် Technical Skill သင်တန်းအမျိုးအစား ၁၆ မျိုး၊ Non-Technical Skill သင်တန်းအမျိုးအ စားကိုးမျိုးနှင့် ပုံတူပြုလေ့ကျင့်ရေး Simulation Lab ငါးမျိုးကို သင်ကြားပို့ချပေးသွားမည့်အပြင် သုတေသနဆိုင်ရာ ဓာတ်ခွဲခန်း သုံးမျိုးလည်း ပါရှိကြောင်း သိရသည်။

 

 


READ NEXT
Cancel OK