Top News

အာမခံကုမ္ပဏီနှင့် ဘဏ်အကြား ပထမဆုံးအကျိုးတူပူးပေါင်းမှုအဖြစ် AIA နှင့် AYA ပူးပေါင်းပြီး အသက်နှင့်ကျန်းမာရေး အာမခံဆိုင်ရာ ဝန်ဆောင်မှုများနှင့် လူမှုအကျိုးပြု ဆောင်ရွက်ချက်များ အဓိကဆောင်ရွက်မည်
24htopnews | December 3, 2024 10:12 AM CST

အာမခံကုမ္ပဏီနှင့် ဘဏ်အကြား ပထမဆုံး အကျိုးတူပူးပေါင်းမှုအဖြစ် AIA နှင့် AYA ပူးပေါင်း၍ အသက်အာမခံနှင့် ကျန်းမာရေး အာမခံများကို သတိပြုမိလာစေရေးအတွက် မြှင့်တင်သွားကာ ပြည်သူတစ်ရပ်လုံး ပိုမိုကျန်းမာအသက်ရှည်ပြီး ကောင်းမွန်သော ဘဝများ ပိုင်ဆိုင်နိုင်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

AIA Myanmar နှင့် AYA Financial Group, Max Myanmar Group (AFG-MAX) ပူးပေါင်းမှုသည် အာမခံ ကုမ္ပဏီများ လိုင်စင်ရရှိပြီးနောက် အာမခံကုမ္ပဏီနှင့် ဘဏ်အကြား ပထမဆုံး အကျိုးတူပူးပေါင်းမှုဖြစ်ပြီး ယခုပူးပေါင်းမှုသည် ရေရှည်အတွက် မဟာဗျူဟာကျသည့် ပူးပေါင်းမှု၏အစဖြစ်ကြောင်း၊ အာရှပစိဖိတ်ဒေသတစ်လျှောက် AIA ၏ အတွေ့အကြုံကောင်းများနှင့် AFG-MAX ၏ နိုင်ငံတွင်း ကျွမ်းကျင်မှုတို့ ပေါင်းစည်းခြင်းအားဖြင့် ပြည်သူလူထုအား အာမခံဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက် ထိရောက်သည့် လူမှုအကျိုးပြု ဆောင်ရွက်ချက်များကို အဓိကထား အာရုံစိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုပူးပေါင်းမှုမှတစ်ဆင့် နိုင်ငံအတွင်း လိုအပ်နေသည့် အသက်အာမခံနှင့် ကျန်းမာရေး အာမခံအကြောင်းကို သတိပြုမိလာစေရေးအတွက် မြှင့်တင်သွားပြီး ပြည်သူများ ပိုမိုကျန်းမာ အသက်ရှည်၍ ကောင်းမွန်သော ဘဝများပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်ထားသည်။

AIA Myanmar ၏ CEO ဖြစ်သူ Nhon (Luc)Ly က “ရည်ရွယ်ချက်တူတဲ့ AFG-MAX နဲ့အတူ မြန်မာနိုင်ငံရဲ့ ကြွယ်ဝလှတဲ့ ယဉ်ကျေးမှုကိုဂုဏ်ပြုရင်း တိုးတက်လာတဲ့ စျေးကွက်အတွင်းမှာ ခေတ်မီလုံခြုံတဲ့ နေထိုင်မှုပုံစံတွေ ဆောင်ယူလာပေးဖို့နဲ့ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုစေဖို့ ရည်မှန်းချက်ထား ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

AYA Financial Group နှင့် Max Myanmar Group တို့၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်က “AIA နဲ့  AFG-MAX ပူးပေါင်းမှုဟာ ကျွန်တော်တို့လိုအပ်နေတဲ့ ပူးပေါင်းမှုမျိုးဖြစ်ပြီး သိသိသာသာ ပံ့ပိုးကူညီသွားနိုင်မယ့် ညှိနှိုင်းဆောင်ရွက်မှု ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့  ခိုင်ခိုင်မာမာယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဝန်ဆောင်မှုပိုင်းသာမက မြန်မာနိုင်ငံအတွင်း လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ရရှိစေရန် ရည်ရွယ်ချက်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် AIA Myanmar နှင့် AFG-MAX တို့သည် “မြန်မာပြည်သူများ၏ ဘဝများကို ထွန်းလင်းရန်” ဟူသည့် လူမှုအကျိုးပြု ရည်မှန်းချက်တစ်ခုကိုလည်း ကြေညာခဲ့သည်။

ယင်းရည်မှန်းချက်မှာ ကျေးရွာနေ ပြည်သူများ၏ အနာဂတ်ကို သိသိသာသာ အကျိုးသက်ရောက်စေမည့် မျှော်လင့်ချက်နှင့်အတူ ချို့တဲ့နွမ်းပါးသော မိသားစုများကို လျှပ်စစ်ဓာတ်ကို ပံ့ပိုးပေးခြင်းဖြင့် ၎င်းတို့၏     ကလေးများ ပညာသင်ကြားရေးကို အထောက်အကူပြုစေရန် ရည်ရွယ်ပြီး AIA Myanmar နှင့် AFG-MAX တို့က မြန်မာနိုင်ငံရှိ ကျေးရွာများသို့ နေစွမ်းအင်သုံး ဆိုလာပြားများ လှူဒါန်းမည်ဟုသိရသည်။

AIA Myanmar သည် ရာနှုန်းပြည့် လုပ်ပိုင်ခွင့်ရသော ကုမ္ပဏီခွဲအဖြစ် အသက်အာမခံပေါ်လစီများ ရောင်းချခွင့်ကို မြန်မာအစိုးရထံမှ ရရှိခဲ့ခြင်းဖြစ်သည်။

AYA Financial Group (AFG) သည် AYA Bank ၏ အကြီးဆုံး ငွေရေးကြေးရေး ဝန်ဆောင်မှုဆိုင်ရာ အဖွဲ့အစည်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ AYA ဘဏ်သည် AFG ၏ အကြီးမားဆုံးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပိုင်ဆိုင်မှုအနေဖြင့် ဒေါ်လာ လေးဘီလျံပိုင်ဆိုင်ထားပြီး Customers နှစ်သန်းခန့်ရှိကာ ဘဏ်ခွဲပေါင်း ၂၅၈ ခုနှင့် ဝန်ထမ်းအင်အား  ၈၃၀၀ ခန့်ရှိကြောင်း သိရသည်။

 

 


READ NEXT
Cancel OK