Top News

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ နိုင်ငံတော်ကိုယ်စား ဦးဆောင်၍ သွားရောက်တရားရင်ဆိုင်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲ ဓနုဖြူမြို့နှင့် ခန္တီးမြို့တွင် ကျင်းပ
24htopnews | December 3, 2024 10:12 AM CST

ICJ ၌ နိုင်ငံတော်ကိုယ်စား ဦးဆောင်၍ သွားရောက်တရားရင်ဆိုင်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲကို ဓနုဖြူမြို့နှင့် ခန္တီးမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲကို ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီကျော်က ဓနုဖြူ မြို့လယ်နာရီစင်အနီး ကျင်းပခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ခေါင်းဆောင်က နဂိုကတည်းက မေတ္တာ၊ နှလုံးသားကြီးတဲ့ ခေါင်းဆောင်ပါ။ အခုကိစ္စက ကျွန်တော်တို့ မြန်မာတစ်ပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စ။ တပ်မတော်ကိုလည်း သိက္ခာအကျမခံနိုင်တဲ့၊ တိုင်းပြည်ရဲ့ သိက္ခာလည်း အကျမခံနိုင်တဲ့စိတ်ဓာတ်နဲ့ အမေက မြင့်မြတ်တဲ့နှလုံးသားနဲ့ ရှေ့ကနေ ကြံ့ကြံ့ခိုင်တိုက်မယ့်ပွဲဖြစ်လို့ ကျွန်တော်တို့က ယုံကြည်မှုနဲ့ အားကိုးတကြီးနဲ့ ဒီလိုမေတ္တာရှင်ကြီး ရှိနေသရွေ့ ငါတို့နိုင်ငံကြီး ကမ္ဘာ့အလယ်မှာ တင့်တယ်ရမယ်ဆိုတဲ့ဆန္ဒနဲ့ ဒီစိတ်ဓာတ်နဲ့ ဒီပွဲကိုကျင်းပတာဖြစ်ပါတယ်” ဟု အငြိမ်းစား ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးသိန်းထွန်းက ပြောကြားသည်။

ယင်းထောက်ခံပွဲ၌ တက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းကို အလေးပြုခဲ့ခြင်း ဆောင်ရွက်ခဲ့ကြပြီးနောက် စာရေးဆရာ ဦးထင်လင်းဦးက ဟောပြောခဲ့သည်။

“၈၈ အရေးအခင်း ကာလကတည်းက ကျွန်တော်တို့က အမေစုကိုထောက်ခံခဲ့တာပါ။ ၈၈ ပြီးတဲ့နောက် အမေစု ဓနုဖြူကို လာတုန်းကလည်း အခုပွဲလုပ်တဲ့နေရာနားမှာပဲ တပ်ကနေ သေနတ်နဲ့ချိန်ခဲ့တုန်းကလည်း ဓနုဖြူမြို့ကလူတွေက အမေစုကို ဝန်းရံကာကွယ်ခဲ့ကြတယ်။ လက်ရှိသမ္မတကြီးက ဓနုဖြူမြို့ကပဲဖြစ်တယ်။ အခုအချိန်မှာလည်း ကျွန်တော်တို့က အမေစုနဲ့ သမ္မတကြီးကို ဝန်းရံပါတယ်။ အခုဒီပွဲကလည်း မြို့မိမြို့ဖတွေနဲ့ အဖွဲ့ပေါင်းစုံက လုပ်ပါဆိုတဲ့ဆန္ဒကြောင့် ကျွန်တော်တို့ပါတီက ဦးဆောင်ပြီး ဒီပွဲကိုုပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု NLD ပါတီမှ ဦးကျော်ကျော်ထူးက ပြောကြားသည်။

အဆိုပါ ထောက်ခံပွဲအခမ်းအနား၌ တက်ရောက်လာသူများက “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်အား ဓနုဖြူမြို့နယ်သူ/မြို့နယ်သားများက ဝန်းရံထောက်ခံပါသည်”၊ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည် ကျန်းမာချမ်းသာ၍ သက်တော်ရာ ကျော်ရှည်ပါစေ” ဟုကြွေးကြော်ခဲ့ကြသည်။

အထားတူ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွား ကာကွယ်ရန် သွားရောက်ဖြေရှင်းမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ရပ်တည်ထောက်ခံပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ရပ်တည်ထောက်ခံပွဲကို ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီတွင် ခန္တီးမြို့ရှိ မာဃ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်ရှေ့၌ ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုထားခြင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ သွားရောက်ဖြေရှင်းခြင်းကို ခန္တီးပြည်သူလူထုက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ရပ်တည်ထောက်ခံကြောင်း ပြသသည့်အနေဖြင့် လူထုလှုပ်ရှားမှု ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ထိုလူထုလှုပ်ရှားမှု ထောက်ခံပွဲကို ဦးဆောင်ကျင်းပသူကို အောင်ဆန်းမြင့်၏ ပြောကြားချက်အရ သိရသည်။

“ဒါက နိုင်ငံတော်ကို တရားစွဲတာဖြစ်တဲ့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ ဒါကြောင့် နိုင်ငံ့အကျိုးစီးပွားအတွက် အားလုံးအတူတူ ကာကွယ်ကြမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဒီပွဲကိုလုပ်တာဖြစ်တယ်။ အခုက နိုင်ငံတော်ကို ပြည်သူတွေရဲ့အသိစိတ်မှာ ငါတို့နဲ့ မဆိုင်ဘူးဆိုတဲ့ အသိစိတ်တွေ ဖြစ်နေကြတယ်။ နိုင်ငံတော်ကိုတရားစွဲတာ ကျွန်တော်တို့ကို တရားစွဲတာနဲ့ အတူတူပဲဖြစ်တယ်။ အဲဒါကြောင့် လူတိုင်းမှာ တာဝန်ရှိတဲ့အတွက် ဒီထောက်ခံပွဲကို လုပ်တာဖြစ်ပါတယ်” ဟုထောက်ခံပွဲကို ဦးဆောင်ကျင်းပသူ ကိုအောင်ဆန်းမြင့်က ပြောကြားသည်။

ထိုလူထုလှုပ်ရှားမှုထောက်ခံပွဲတွင် We Stand With DawAung San Su Kyi. State Counsellor of Myanmar ဗီနိုင်းများ ကိုင်ဆောင်၍ ရပ်တည်ထောက်ခံခဲ့ကြပြီး ခန္တီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်၊ ခန္တီးဒေသခံ ပြည်သူများ၊ ‌ဒေသခံတိုင်းရင်းသား များ၊ NLD ပါတီဝင်များနှင့် အခြားပါတီဝင်များအပါအဝင် လူအင်အား ၁၀၀ ကျော်ပါဝင်ခဲ့ကြပြီး နံနက် ၁၁ နာရီခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK