Top News

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားရရှိမှု ရာခိုင်နှုန်း ၅၀ ကျော်ရှိမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၆၀၀ ကျော် ခွင့်ပြုထားသည့်အတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးရေးအတွက် ဆက်လက်အကောင်အထည်ဖ
24htopnews | December 3, 2024 10:12 AM CST

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားရရှိမှုသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ရာခိုင်နှုန်း ၅၀ ကျော်ရှိမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၆၀၀ ကျော် ခွင့်ပြုထားသည့်အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးရေးအတွက် ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ လျှပ်စစ်ရရှိရေးလုပ်ငန်းမှ  အင်ဂျင်နီယာချုပ် သူရဦးအောင်ဘိုက ပြောကြားသည်။

ဒီဇင်ဘာ ၅ ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းမီဒီယာများအား သတင်းထုတ်ပြန်သည့် အခမ်းအနားတွင် မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများ၏ ရာခိုင်နှုန်း ၅၀ ဓာတ်အားစနစ်မှ ဓာတ်အားရရှိအောင် ဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ရည်မှန်းချက်များ ရှင်းလင်းရာ၌ အင်ဂျင်နီယာချုပ် သူရဦးအောင်ဘိုက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဓာတ်အားစနစ်မှ အိမ်ထောင်စုများ ဓာတ်အားရရှိမှုတွင် ၂၀၁၅-၂၀၁၆ ခုနှစ်က အိမ်ထောင်စုပေါင်း ၃ ဒသမ ၇ သန်း (၃၄ ရာခိုင်နှုန်း) ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် အိမ်ထောင်စုပေါင်း ၅ ဒသမ ၄၄၈ သန်း (၅၀ ဒသမ ၀၉ ရာခိုင်နှုန်း) ဓာတ်အားရရှိမည်ဖြစ်သည့်အတွက် လက်ရှိအစိုးရသစ် သုံးနှစ်ခွဲကာလအတွင်း အိမ်ထောင်စုပေါင်း ၁ ဒသမ ၇၅ သန်း (၁၆ ဒသမ ၀၉ ရာခိုင်နှုန်း) ဓာတ်အား ထပ်မံတိုးတက်ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း သူရဦးအောင်ဘိုက ဆိုသည်။

၎င်းက“အစိုးရသစ်သုံးနှစ်ခွဲ ကာလအတွင်းမှာ စုစုပေါင်းအိမ်ထောင်စုပေါင်း ၁၆ ဒသမ ၀၉ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ရရှိတဲ့အကြောင်း ကျွန်တော်တို့ရှင်းလင်းပြောကြား လိုပါတယ်။ သုံးနှစ်ခွဲ ကာလအတွင်းမှာတော့ ကျေးလက်ဒေသမီးလင်းရေး လုပ်ငန်းများကို  ပိုမိုတိုးမြှင့် ဆောင်ရွက်လိုတာကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတကာချေးငွေတွေ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရဘတ်ဂျက်တွေ၊ ပြည်ထောင်စုဘတ်ဂျက်တွေကို ပိုမိုခွင့်ပြုပေးခဲ့တာ ရှိပါတယ်။ အစိုးရသစ်လက်ထက် ၂၀၁၆-၁၇ နဲ့ ယနေ့အချိန်အထိ ၉၁၇ ဒသမ ၂၅၂ ဘီလျံ တိုးတက်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။၂၀၁၉-၂၀ မှာတော့ ၆၆၂ ဒသမ ၂၅၉ ဘီလျံ လျာထားပြီးတော့ သုံးစွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ၂၀၁၅-၁၆ ကတည်းကရရှိခဲ့တဲ့  ၃၄ ရာခိုင်နှုန်းအပြင် ဖြတ်သန်းခဲ့ရတဲ့ကာလမှာ နိုင်ငံတော်အစိုးရရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး မီးလင်းရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ ရှင်းလင်းပြောကြားထားတာ ဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။

အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း အဆင့်၁ (NEP-1) ၏ ဓာတ်အားစနစ်အပိုင်း ချေးငွေ အမေရိကန်ဒေါ်သန်း ၃၁၀ စီမံကိန်း၌ ပထမအဆင့် (နှစ်မိုင်အတွင်း ကျေးရွာ) ၅၀၈၀၊ ဒုတိယအဆင့် (နှစ်မိုင်မှ ငါးမိုင်အတွင်း ကျေးရွာ) ၄၀၀၀ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း Electrification Rate တိုးတက်စေရန် ဆောင်ရွက်မည့် ကျေးရွာပေါင်း ၇၀၀ စုစုပေါင်း ကျေးရွာပေါင်း ၉၇၈၀ ရွာ ပါဝင်ကြောင်း သိရသည်။

ပထမအဆင့် (နှစ်မိုင်အတွင်း ကျေးရွာ) များကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် နောက်ဆုံးထား၍ လည်းကောင်း၊ ဒုတိယအဆင့် (နှစ်မိုင်မှ ငါးမိုင်အတွင်းကျေးရွာ) များနှင့် Electrification Rate တိုးတက်စေရန် ဆောင်ရွက်မည့်ကျေးရွာ ၇၀၀ အား ၂၀၂၁ ခုနှစ် စက်တင်ဘာ နောက်ဆုံးထား၍ တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်ရာ၌ နိုင်ငံတော်ဘတ်ဂျက်အပြင် နိုင်ငံတကာ ချေးငွေအထောက်အပံ့များပါ ရယူဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အပိုင်းအတွက် ဆောင်ရွက်ဆဲ ချေးငွေစီမံကိန်းလုပ်ငန်း ခြောက်ခုအတွက်  World Bank၊ JICA ၊ ADB၊ FFW (Germany) နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများထံမှ စုစုပေါင်း ဒေါ်လာ  ၆၂၁ ဒသမ ၀၀၁ သန်းရယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နောက်ထပ်ချေးငွေစီမံကိန်း လုပ်ငန်းခြောက်ခုအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၂၈ ဒသမ ၁၀၄ သန်းထပ်မံရရှိရန် JICA၊ ADB၊ NEDA ထံမှ အဆိုပြုညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်းသိရသည်။

“ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေစီမံကိန်း NEP 1 အပြင်ကို နောက်ထပ် NEP 2 အနေနဲ့ ကျွန်တော်တို့ ထပ်မံရရှိဖို့အတွက်ကို ကမ္ဘာ့ဘဏ်နဲ့ ဆက်လက်ဆွေးနွေးနေတာ ရှိပါတယ်။ကျွန်တော်တို့ ကမ္ဘာ့ဘဏ်ချေးငွေ NEP 1 ကတော့ မူလက သန်းလေးရာရရှိပြီးတော့ ကျွန်တော်တို့ဝန်ကြီးက သန်း ၃၁၀ သုံးစွဲပြီးတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သန်း ၉၀ သုံးစွဲတာဖြစ်ပါတယ်။ အဲဒီထဲကမှ ချေးငွေကုန်ဆုံးမယ့်သက်တမ်းက ၂၀၂၁ စက်တင်ဘာမှာ ဖြစ်ပါတယ်။ ချေးငွေကုန်ဆုံးပြီးတာနဲ့ ကျေးလက်ဒေသမီးလင်းရေးတွေကို ဆက်လက်အထောက်အပံ့ဖြစ်နိုင်အောင် NEP 2 ကို ဆက်လက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်” ဟု သူရဦးအောင်ဘိုက ပြောကြားသည်။

 

 


READ NEXT
Cancel OK