ဆေးခြောက်စိုက်ခင်းဖြစ်စဉ် (၉) ကြိမ်မြောက် ရုံးချိန်းကို သြဂုတ် ၁၉ ရက်က မြင်းခြံခရိုင် တရားရုံးတွင် ပြုလုပ်ခဲ့ပြီး မူးယစ်ဆေးဆရာဝန် တစ်ဦးနှင့် မြို့သာစက်မှုဥယျာဉ်စီမံကိန်း ဥက္ကဋ္ဌတို့အား ဆက်လက် စစ်ဆေးခဲ့ကာ တရားဝင်ခွင့်ပြုချက်ရ သုတေသနစိုက်ခင်းဖြစ်သည့် သက်သေခံစာရွက်များ တင်သွင်းခဲ့ကြောင်း သိရသည်။
လူမှုကွန်ရက်တွင် ဆေးခြောက်စိုက်ခင်းဟု ပျံ့နှံ့ထွက်ပေါ်ခဲ့မှုအရ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်စီမံကိန်းအတွင်း စိုက်ပျိုးထားသည့် ဧက ၅ဝခန့်ရှိ အမေရိကန်နိုင်ငံ III M ကုမ္ပဏီ၏ သုတေသနစိုက်ခင်းအား မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် သက််ဆိုင်ရာဌာနများက ဧပြီ ၂၂ ရက်က ဝင်ရောက် စစ်ဆေးခဲ့ကာ စိုက်ပျိုးပင်များအား နမူနာယူ ဓာတ်ခွဲစမ်းသပ်ရာ ဆေးခြောက် (Cannabis) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် စိုက်ခင်းတာဝန်ခံ နှစ်ဦး နှင့် အမေရိကန်နိုင်ငံသား တစ်ဦးအား ဖမ်းဆီးကာ ငါန်းဇွန်မြို့နယ် ရဲစခန်းအချုပ်မှ မြင်းခြံထောင်ကြီးချုပ်သို့ မေ ၁၆ ရက်တွင် ပြောင်းရွှေ့ ပို့ဆောင်ကာ တရားစွဲတင်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရုံးချိန်းတွင် အမေရိကန်နိုင်ငံသား၏ ကျန်းမာရေး အခြေအနေအရ အာမခံလျှောက်ထားမှုကို မြင်းခြံခရိုင်တရားရုံးမှ ကျပ်သိန်း ၃၀၀၀ ဖြင့် အာမခံပေးထားခဲ့ကြောင်း သိရသည်။
“ဒီနေ့ ဆီးတို့ဆေးတို့ စစ်ထားတဲ့ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ ဆရာဝန်ကြီးကို စစ်တယ်။ နောက်တစ်ခါ မြို့သာစက်မှုဇုန်ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်ကို စစ်တယ်။သူက တရားဝင် စိုက်ပျိုးတယ်ဆိုတဲ့ သက်သေခံ စာရွက်စာတမ်းတွေကို တင်သွင်းသွားပြီး တရားဝင် ခွင့်ပြုချက်နဲ့ စမ်းသပ်စိုက်ပျိုး လုပ်ကိုင်တာ မှန်ကန်တဲ့အကြောင်း ထွက်ဆိုတာပေါ့။ မူးယစ်ဆေးဝါး ဆရာဝန်ကလည်း မူးယစ်ဆေးသုံးစွဲတဲ့ လက္ခဏာ မရှိဘူးလို့ ထွက်ဆိုသွားတယ်။ ဒါကြောင့် ကနေ့ စစ်ဆေးချက်တွေက ကောင်းပါတယ်။ ဘာလို့လဲဆို စက်မှုဇုန်ဥက္ကဋ္ဌက ဝန်ကြီးချုပ်ထံ ခွင့်တောင်းပြီး တရားဝင် စမ်းသပ် သုတေသန စိုက်ခင်းဆိုတာ ပေါ်အောင် ပြောသွားတာပါ။ ဒါကြောင့် ဒါက သုတေသနပြုဆဲ စိုက်ခင်းဖြစ်တဲ့အတွက်ကြောင့် မူးယစ်ဆေးဝါးဥပဒေနဲ့ အရေးယူလို့ မရဘူး။ မျိုးစေ့ဥပဒေနဲ့ ဆက်လက် ဆောင်ရွက်ရမယ်။ သုတေသနပြုဆဲဆိုရင် ဘယ်ဥပဒေနဲ့မှ အရေးယူလို့ မရဘူးလေ” ဟု အမေရိကန်နိုင်ငံ III M ကုမ္ပဏီမှ အမှုလိုက်ပါ ဆောင်ရွက်လျက်ရှိသော တရားလွှတ်တော်ရှေ့နေ တော်ဝင်ဦးခင်မောင်သန်းက ပြောကြားသည်။
အမေရိကန်နိုင်ငံ III M အာဟာရဆေးဝါးကုမ္ပဏီမှာ ဇီဝလောင်စာနှင့် သဘာဝဆေးဘက်ဝင် လျှော်ပင် စမ်းသပ်စိုက်ပျိုးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် အမေရိကန်နိုင်ငံမှ တင်သွင်းသည့် သဘာဝဂုန်လျှော် မျိုးစေ့ United States (Kompolti/AB Seeds) and EU(Kompolti/EU8)seeds ကို ၂၀၁၈ ခုနှစ် မေလခန့်မှ စတင်ကာ တရားဝင် သုတေသနပြုလုပ် စိုက်ပျိုးနေခြင်း ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။ အဆိုပါ ဆေးခြောက်စိုက်ခင်း ဖြစ်စဉ်တွင် အာမခံပေးခဲ့သည့် အမေရိကန်နိုင်ငံသား တစ်ဦးနှင့် စိုက်ခင်းတာဝန်ခံ နှစ်ဦး အပါအဝင် ယင်းကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် သုံးဦးနှင့် အမေရိကန်နိုင်ငံသား စိုက်ပျိုးရေးပညာရှင် နှစ်ဦးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(က)(ခ)/၁၉(က)/ ၂၀(က)(ခ) တို့ဖြင့် မြင်းခြံခရိုင်တရားရုံးတွင် တရားစွဲတင်နေခြင်းဖြစ်ပြီး လာမည့်ရုံးချိန်းကို သြဂုတ်၂၆ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
