Top News

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက် St Joseph ဘုရားကျောင်း ဘော်ဒါဆောင်နေ ကျောင်းသားကျောင်းသူ ၂၄ ဦး အစာအဆိပ်သင့်သည့် လက္ခဏာဖြစ်ပေါ်သဖြင့် ဆေးကုသမှု ခံယူနေရ
24htopnews | December 3, 2024 11:12 AM CST

လွိုင်ကော်မြို့နယ် မိုင်းလုံးရပ်ကွက် St Joseph ဘုရားကျောင်း ဘော်ဒါဆောင်နေ ကျောင်းသားကျောင်းသူ ၂၄ ဦးမှာ သြဂုတ် ၁၉ ရက်တွင် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် အစာအဆိပ်သင့်သည့် လက္ခဏာများ ဖြစ်ပေါ်သဖြင့် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

“ကောင်းပါတယ် ၊အခြေအနေက သိပ်မဆိုးပါဘူး။ St Joseph  ကျောင်းက။ ကုသမှုပိုင်းဆိုတော့ ဆေးရုံအုပ်ကြီးကိုလည်း မေးကြည့်လိုက်ပါ”ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်က ပြောကြားသည်။

အဆောင်နေ ကျောင်းသား ကျောင်းသူများမှာ နံနက် ၇ နာရီခန့်တွင် နံနက်စာကို မျှစ်ကြော်နှင့် ထမင်းဖြူ စားသောက်ပြီး ကျောင်းသို့သွားရာ ကျောင်းတွင် မူးဝေခြင်း၊ အော့အန်ခြင်းများ ဖြစ်ပေါ်လာသောကြောင့် အဆောင်သို့ ပြန်လည် ပို့ဆောင်ပြီးနောက် ဆေးရုံကြီးသို့ သွားရောက်ပြသရာ ၂၄ ဦးမှာ တက်ရောက်ကုသမှုခံယူရပြီး မစိုးရိမ်ရတော့ကြောင်း ဖေးကူလက်များ ပရဟိတအဖွဲ့ထံမှ သိရသည်။

“ဖြစ်ဖြစ်ချင်းကတော့ ၆၁ ယောက်ပေါ့။ အကုန်လုံးကတော့ စားတာပေါ့ ။ စစ္စတာကလည်း စိတ်ချရအောင်ပေါ့။ ကလေးတွေ ၆၁ ယောက်လုံး ဆေးရုံခေါ်လာတယ်။ အခုလောလောဆယ် ဆေးရုံမှာ ၂၄ ယောက် တင်ထားရတယ်။ အားလုံးကတော့ စိတ်ချရတဲ့ အနေအထား ရောက်နေပြီပေါ့နော်။ ကျန်တဲ့ ကလေးတွေတော့ အဆောင်ပြန်ရောက်ပြီပေါ့နော်”ဟု ဖေးကူလက်များပရဟိတအဖွဲ့ ဦးဆောင်သူ မအိက ပြောကြားသည်။

ယုခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်ကလည်း လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၄) နှစ်မြောက် မွေးနေ့နှင့် ကလေးများနေ့ ဂုဏ်ပြုအထိမ်းအမှတ် အခမ်းအနားမှ ကျွေးမွေးသော ကြာဆံကြော်၊ ထမင်းကြော်များ စားပြီးနောက် အစာအဆိပ်သင့်ပြီး လူ ၅၀ မှာ ကုသမှု ခံယူခဲ့ရကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပြီး အစာအဆိပ်သင့်သူများတွင် ကလေးငယ်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK