မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနနှင့် ဆက်စပ်လုပ်ကိုင်နေသည့် ရုပ်သံလွှင့်ကုမ္ပဏီများထံမှ ကျပ် ၃ ဒသမ ၂၅ ဘီလျံ မကောက်ခံနိုင်ဘဲ ဒဏ်ကြေးဖြင့် ပေးဆောင်စေခြင်းသည် ယင်းငွေများအား လှည့်သုံးရန် အခွင့်အရေးပေးသည်ဟု ထင်မြင်စရာဖြစ်ပြီး ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးမှုအတွက် သက်ဆိုင်ရာဌာနတွင် တာဝန်ရှိဟု ဒလမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ထောက်ပြဆွေးနွေးခဲ့သည်။
သြဂုတ် ၁၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ ပြည်ထောင်စု အရအသုံး ခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၁/၂၀၁၉)နှင့် စပ်လျဉ်းပြီး ဆွေးနွေးစဉ် ဒေါက်တာစိန်မြအေးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရုပ်သံထုတ်လွှင့်ခများအား အခြားလုပ်ငန်းအတွက် လှည့်သုံးရန် အခွင့်အရေး ပေးထားသကဲ့သို့ ယူဆစရာ ဖြစ်နေကြောင်း ရုပ်သံထုတ်လွှင့်ခများ မရရှိခြင်းကြောင့် ဒဏ်ကြေးပမာဏအား တိုးမြင့်မည်လား၊ အကြေသွင်းခိုင်းမည်လား ဆိုသည်ကို အမြန်ဆုံးဖြတ်ရန် လိုအပ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာများ နစ်နာဆုံးရှုံးမှုအတွက် သက်ဆိုင်ရာဌာနတွင် တာဝန်ရှိကြောင်း ၎င်းကဆွေးနွေးခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက “ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ ရုပ်သံလွှင့်ကုမ္ပဏီတွေ ငှားရမ်းခ ကျပ် ၃ ဒသမ ၂၅ ဘီလျံ မကောက်ခံနိုင်ခဲ့တဲ့ကိစ္စ စာချုပ်ပါ စည်းကမ်းချက်တွေအရ သုံးလကာလအပြီး ၁၅ ရက်အတွင်း ငှားရမ်းခ ပေးသွင်းရမှာ ဖြစ်ပေမယ့် ပေးသွင်းရမယ့် ကျပ် ၃ ဒသမ ၂၅ ဘီလျံအစား တစ်လကို ဒဏ်ကြေး တစ်ရာခိုင်နှုန်း တစ်နှစ်ကို ၁၂ ရာခိုင်နှုန်း ပေးဆောင်ခွင့်ပြုပေးခဲ့ပါတယ်။ ဒါဟာ ကျပ် ၃ ဒသမ ၂၅ ဘီလျံကို လှည့်သုံးဖို့ အခွင့်အရေး ပေးနေသလားလို့ ထင်မြင်ယူဆစရာ ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုရင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီမှာ အပေါင်အာမခံနဲ့ ငွေချေးရတဲ့ချေးငွေအပေါ် အစိုးရ ဘဏ်အတိုးနှုန်းက ၁၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ရောက်မှသာ အပေါင်ပေး တစ်နှစ်ကို အတိုး ၁၂ ရာခိုင်နှုန်း၊ အခြားနည်းနဲ့ ၁၆ ရာခိုင်နှုန်း ပေးရမှာ ဖြစ်ပါတယ်။ ဒဏ်ကြေးဆောင်ရင် ငွေကျပ် ၁၀၀ မှာ အစိုးရက တစ်လကို ရှစ်ပြား၊ တစ်နှစ်ကို ၉၆ ပြား နစ်နာပါတယ်။ ၃ ဒသမ ၂၅ ဘီလီယံအပေါ်မှာ နစ်နာသွားတဲ့ပမာဏကို တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွက်ကြည့်နိုင်ပါတယ်။ ကျပ် ၃၂ ဒသမ ၅ သန်း ကျော်ပါတယ်။ အဲဒီတန်ဖိုးဟာ အာမခံမလို ဘာမှမလိုဘဲရတဲ့ ဝန်ကြီးဌာနက ကုမ္ပဏီကိုပေးတဲ့ အခွင့်ရေး ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက ၃ ဒသမ ၂၅ ဘီလျံကိုရင်းပြီး တခြားလုပ်ငန်းကို လှည့်လုပ်မယ်ဆိုရင် သားရွှေအိုး ထမ်းရုံတင်မက ကျောက်သံပတ္တမြားအိုးပါ အဆစ်ရတဲ့ အခွင့်အရေး ဖြစ်သွားပါပြီ။ ဒါကြောင့် ဒဏ်ကြေးတိုးမလား၊ အကြေသွင်းမလား အမြန်ဆုံးဖြတ်ဖို့ ပြည်သူ့ဘဏ္ဍာ နစ်နာဆုံးရှုံးမှုအတွက် သက်ဆိုင်ရာဌာနမှာ တာဝန်ရှိနေပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနက ဒီကိစ္စနဲ့ ပတ်သက်လို့ စာချုပ်တွေကို Review လုပ်မယ်၊ ပြင်ဆင်ချုပ်ဆိုမယ်၊ ဝင်ငွေပေးသွင်းပြီးရင် ရငွေတွေ ပြည့်မီအောင် ဆောင်ရွက်မယ်ဆိုပြီး ရှင်းလင်းတင်ပြခဲ့ပါတယ်။ လက်ခံပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဘယ်အဆင့်ထိ ဘယ်လိုဖြေရှင်းဆောင်ရွက်ပြီး ဆိုတာ ဖြေကြားပေးစေလိုပါတယ်” ဟု ဆွေးနွေးခဲ့သည်။
ဆက်လက်၍ “ဆက်သွယ်ရေးညွန်ကြားမှု ဦးစီးဌာနရဲ့ ခေတ်နဲ့ဆီလျော်မှုမရှိတဲ့ အခွန်နှုန်းထားတွေဟာ ၁၉၆၀ ခုနှစ်က ရွှေတစ်ကျပ်သား ၁၅၀၊ ၂၀၀ ကျပ် စျေးပေါက်တဲ့အချိန်က ဖြစ်ပါတယ်။ လွှင့်အားပမာဏ 2KW အထက် ကျပ် ၁၅၀ ပဲ ကောက်ခံနေဦးမယ်ဆိုရင် ရွှေတစ်ကျပ်သား ဆယ့်နှစ်သိန်းကျော်နေပြီတဲ့ ယခုအချိန်မှာ တာဝန်ရှိသူတွေအနေနဲ့ ဘယ်လောက်ဖြစ်သင့်သလဲ မသိကြလေးသလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ၁၉၆၀ ကနေ ၅၉ နှစ်အကြာမှ စာရင်းစစ်ချုပ်က ခေတ်နဲ့မညီဘူး နည်းတယ်လို့ ပြောတာကို ထောက်ခံပေမဲ့ ၅၉ နှစ် မေ့သွားလို့ နစ်နာသွားရတဲ့ အခွန်ငွေတွေဟာ ပြည်သူအတွက်ရရှိမယ့် ဘဏ္ဍာငွေတွေ ဖြစ်ပါတယ်” ဟု ဒေါက်တာစိန်မြအေးက ဆွေးနွေးခဲ့သည်။
သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ယခုကိစ္စနှင့် ပတ်သက်ပြီး ကုစားရန် စီစဉ်ဆောင်ရွက်သည့်နေရာတွင် တိကျခိုင်မာစွာ ဖော်ပြထားသည်ကို မတွေ့ရကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု အခွန်ကောက်ဥပဒေနှင့်အညီ အခွန်ပေးဆောင် အခွန်ထမ်းများကို လေးစားသောအားဖြင့် နောင်တွင် မည်သို့ ကောက်ခံမည် ဆိုသည်ကို တိတိကျကျ ရှင်းလင်းဖော်ပြ ပေးစေလိုကြောင်း ၎င်းကဆွေးနွေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
