ကျောင်းသားများ ဆန္ဒပြလျှင် ဥပဒေအရ ခွင့်ပြုချက်တောင်းရမည့် အချက်အား အဆင့်မြင့်ပညာဦးစီးဌာနမှ ပယ်ဖျက်လိုက်ကြောင်း သိရသည်။
သြဂုတ် ၁၇ ရက်စွဲဖြင့် အဆင့်မြင့်ပညာဦးစီးဌာနမှ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်အသီးသီးရှိ ကျောင်းသား၊ ကျောင်းသူများ၏ ဆန္ဒထုတ်ဖော်မှုများနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများအား ကြီးကြပ်ဆောင်ရွက်ရန် ရည်ညွှန်းချက်စာဖြင့် အကြောင်းကြားခဲ့ခြင်းအား လွှမ်းမိုးပယ်ဖျက်လိုက်သည်ဟု ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
“ဒီဘက်ခေတ်ကြီးမှာ အားလုံးက မလိုက်နာနိုင်ဘူးဆိုရင် ကျွန်တော်တို့က ပယ်ဖျက်ပေးရမှာပေါ့။ ကျွန်တော်တို့ ညွှန်ကြားလွှာတွေ ထုတ်ပြန်ချက်တွေကို အများက လိုက်နာမှပဲ ဖြစ်မှာလေ။ မလိုက်နာရင် ထုတ်ပြန် ပယ်ဖျက်ပေးတာပေါ့။ ဒီထုတ်ပြန်ချက်ကို အများစု မကျေနပ်ဘူးဆိုတော့ ဒီမိုကရေစီထုံးစံအရ ပယ်ဖျက်ပေးရတာပေါ့” ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ညွှန်ကြားစာတစ်ခုအား မထုတ်ပြန်ခင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း တက္ကသိုလ်ဆရာ ဆရာမများအသင်း ကိုယ်စားပြုကော်မတီမှ ဒေါက်တာအာကာမိုးသူက ဆိုသည်။
“ဒီလို ပယ်ဖျက်လိုက်တာကတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ရပ်ပဲ။ အဓိက ကတော့ ထုတ်ပြန်လိုက် ပယ်ဖျက်လိုက် မဖြစ်သင့်ဘူး။ မထုတ်ခင်ကတည်းက စဉ်းစားရမယ်လို့ ကျွန်တော်တို့က မြင်တယ်။ ညှိနှိုင်းတိုင်ပင်မှုဟာ ပညာရေးဝန်ကြီးဌာနပိုင်းမှာ အားနည်းတယ်လို့ မြင်တယ်”ဟု ဒေါက်တာ အာကာမိုးသူက ပြောကြားသည်။
တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်အသီးသီးရှိ ကျောင်းသူကျောင်းသားများ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့၏ သဘောထားများသိရှိစေရန် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မည်ဆိုပါက ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆန္ဒထုတ်ဖော်နိုင်ရေးအတွက် ထုတ်ဖော်မည့်ကိစ္စနှင့် ပတ်သက်သော အကြောင်းအရာ၊ နေရာ၊ နေ့ရက်၊ အချိန်၊ ကျောင်းသားကျောင်းသူ ခန့်မှန်းဦးရေ စသည်တို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် အဆင့်မြင့်ပညာဦးစီးဌာနသို့ တင်ပြရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက သြဂုတ် ၁၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ယင်းညွှန်ကြားချက်သည် တက္ကသိုလ် ကိုင်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်သောကြောင့် တက္ကသိုလ်ဆရာ ဆရာမအသင်းများ ကိုယ်စားပြုကော်မတီက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာထားသည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကလည်း အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာသည် ငြိမ်းစုစီဥပဒေကို ကျောင်းပရဝဏ်အတွင်း ဦးတည်လာသည့် သဘောဖြစ်သောကြောင့် အပြင်းအထန် ကန့်ကွတ်ရှုတ်ချကြောင်း သြဂုတ် ၁၅ ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
