Top News

ဟုမ္မလင်းမြို့နယ် ဥရုအထက်ပိုင်းဒေသ ကျေးရွာများရှိ ကျောင်းအများစုတွင် ဆရာ၊ ဆရာမနေရာ လစ်လပ်မှု များပြားနေ
24htopnews | December 3, 2024 11:12 AM CST

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ဥရုအထက်ပိုင်းဒေသ ကျေးရွာများရှိ ကျောင်းအများစုတွင် ဆရာ၊ ဆရာမနေရာ လစ်လပ်မှု များပြားနေကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ် ဥရုအထက်ပိုင်းဒေသရှိ စေတီဆိပ်အုပ်စု၊ နံ့သာအုပ်စု၊ ရေပေါ်မီးအုပ်စု၊ တာမယ်ပုတ်အုပ်စုနှင့် ပါဟုတ်ကြီးဒေသ ရွှေတွင်းအုပ်စု၊ မန်စိမ်းအုပ်စုရှိ ကျေးရွာများတွင်ရှိသော ကျောင်းအများစုတွင် ဆရာ၊ ဆရာမနေရာ လစ်လပ်မှု များပြားနေပြီး အစားထိုးရရန်လည်း ခက်ခဲနေကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမျိုးညွန့်၏ ပြောကြားချက်အရ သိရသည်။

“အဲဒီဘက်ဒေသမှာ တာဝန်ကျတဲ့လူက တစ်နှစ်နေရင် ပြောင်းခွင့်ရှိတယ်။ ဒါပေမဲ့ တစ်နှစ်နေလို့ သူတို့ပြောင်းသွားကြရင် အဲဒီနေရာကို အစားခန့်စရာ အသစ်မရှိသလို လျှောက်တဲ့လူလည်း မရှိဘူး ဖြစ်နေတာ။ အဲဒါကြောင့် နေရာတွေက လပ်နေတာ။ အဲဒီနေရာတွေကို သင်တန်းဆင်းခါစ အသစ်တွေကိုပဲ ပို့လို့ရတယ်။ သင်တန်းဆင်းတွေကျတော့ မြို့နယ်တွေပဲ လျှောက်လို့ရတာကိုး။ အဲဒီတော့ သင်တန်းဆင်းတွေကိုပဲ ပို့လိုက်တယ်။ သင်တန်းဆင်းတွေကလည်း တစ်နှစ်ပြည့်ရင် ပြန်ပြောင်း သွားကြတယ်။ အဲဒီနေရာကို အစားခန့်ရမယ့်လူ ဝင်မယ့်လူက မရှိဘူး။ နောက်တစ်နှစ် သင်တန်းဆင်းတွေ မလုံလောက်ရင် အဲဒီနေရာကို ပို့လို့ မရပြန်ဘူး။ အဲဒီလို ဖြစ်နေတာ။ ဟုမ္မလင်းမြို့နယ် အစွန်အဖျားတွေမှာ အများစုက လစ်လပ်နေတယ်။ အထူးသဖြင့် မူလတန်းပြတွေပေါ့။ တချို့ကျောင်းတွေဆို ဆရာ၊ ဆရာမ တစ်ယောက်၊ နှစ်ယောက်ပဲ ရှိတယ်။ တစ်နိုင်ငံလုံး အနေနဲ့ဆိုရင် မူလတန်းပြတွေက တစ်နှစ်ကို ၂၀၀၀၀ ကျော်လောက်လိုပြီး ခန့်ပေးနိုင်တာက ၈၀၀၀ လောက်ပဲ ရှိတယ်။ အဲဒီတော့ ၁၂၀၀၀ လောက်က အမြဲတမ်းလိုနေမှာပဲ”ဟု ဦးမျိုးညွန့်က ဆိုသည်။

ထိုဒေသတွင် ဆရာ၊ ဆရာမများ မမြဲရခြင်းမှာ ဖုန်းလိုင်း အဆက်အသွယ် မကောင်းရခြင်းကြောင့်လည်း ပါဝင်ကြောင်း သိရသည်။

“သူတို့က တစ်နှစ်နေပြီးရင် မပြောင်းချင်လည်း ရတယ်။ ပြောင်းတော့လည်း သူတို့လည်း သူတို့ရွာ ပြန်လျှောက်တာ မဟုတ်ဘူး။ ဆက်သွယ်ရေး ကောင်းတဲ့နေရာကိုပဲ ပြောင်းကြတာ။ အဲဒီက ဆရာမလေးတွေကလည်း ပြောတယ်။ တကယ်လို့ ဖုန်းလိုင်းကောင်းရင်တော့ တစ်နှစ်မကဘူး နှစ်နှစ်လည်း နေနိုင်တယ်ပေါ့လေ။ အခုက အဆက်အသွယ်ကလည်း မကောင်းဘူးဆိုတော့ ပိုဆိုးတာပေါ့” ဟု ဦးမျိုးညွန့်က ဆက်လက် ပြောကြားသည်။

ဟုမ္မလင်းမြို့နယ် ဥရုအထက်ပိုင်း ဒေသရှိ စေတီဆိပ်အုပ်စု၊ နံ့သာအုပ်စု၊ ရေပေါ်မီးအုပ်စု၊ တာမယ်ပုတ်အုပ်စုနှင့် ပါဟုတ်ကြီးဒေသ ရွှေတွင်းအုပ်စု ကျေးရွာများတွင် ကျေးရွာ ၂၅ ရွာရှိပြီး လူဦးရေ တစ်သောင်း တစ်ထောင်ကျော် နေထိုင်ကြကာ ရွှေမှော်များပြားသော ဒေသဖြစ်သောကြောင့် ရွှေ့ပြောင်းလုပ်သား ဦးရေ များပြားကြောင်းလည်း သိရသည်။


READ NEXT
Cancel OK